နေပြည်တော် ၁၀ ဇန်နဝါရီ 


လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ မိုးကောင်း - ဖားကန့် ဓာတ်အားလိုင်း (၅၅ ဒသမ ဝ၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဖားကန့်ဓာတ်အားခွဲရုံသို့ ဓာတ်အားစတင်ပို့လွှတ်ခြင်း အခမ်းအနားကို ဇန်နဝါရီ (၉)ရက် မွန်းလွဲ ၁ နာရီတွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ဓာတ်အားခွဲရုံ၌ ကျင်းပသည်။


အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖားကန့်မြို့သို့ နိုင်ငံတော်ဓာတ်အားစနစ် ရောက်ရှိရေးအတွက် ကချင်ပြည်နယ် မိုးကောင်းမြို့မှ ဖားကန့်မြို့သို့ ၆၆ ကေဗွီ ဓာတ်အားလိုင်း (၅၅ ဒသမ ဝ၃) မိုင် တည်ဆောက်ခြင်းနှင့် ဖားကန့်တွင် ၆၆/၁၁ ကေဗွီ၊ (၁၀)အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ မြေပြန့်လွင်ပြင်နည်းပါးပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၃၀ဝ၀)ခန့်မြင့်သည့် တောင်ကုန်းတောင်တန်းများ၊ နက်ရှိုင်းသောချောက်၊ လျှိုများကို ဖြတ်သန်းတည်ဆောက်ရခြင်းကြောင့် လည်းကောင်း၊ ဥရုချောင်းအား ဖြတ်ကျော်သွယ်တန်းရာတွင် ကွန်ကရိတိုင်များအစား Lattice Tower များ အသုံးပြု ဆောင်ရွက်ရခြင်းကြောင့်လည်းကောင်း စသည့်အခက်အခဲများကြောင့် ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး (၁၆-၉-၂၀၁၈)ရက်နေ့တွင် မိုးကောင်းဓာတ်အားခွဲရုံမှ ဓာတ်အားကို ၆၆ ကေဗွီ မိုးကောင်း - ဖားကန့် ဓာတ်အားလိုင်းမှတစ်ဆင့် ဖားကန့်ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်နိုင်ခဲ့ပါကြောင်း။


ယခင်ကဓာတ်အားပေးစက်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေသော ဖားကန့်မြို့ပေါ်ရပ်ကွက်(၅)ခု အိမ်ထောင်စုပေါင်း ၄၅၀၉ စုနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း(၂၂)ရွာ အိမ်ထောင်စုပေါင်း ၁၃၄၆၄ စုကို ဖားကန့်ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနိုင်တော့မည် ဖြစ်ပါကြောင်း၊ ယခုစီမံကိန်းလုပ်ငန်းအတွက် နိုင်ငံတော်မှ ပြည်တွင်းငွေကျပ် ၇ ဒသမ ၈ ဘီလီယံခန့် ကျခံသုံးစွဲဆောင်ရွက်ခဲ့ရပြီး သဘာဝသယံဇာတ၊ သဘာဝအမွေအနှစ်များ ပေါများကြွယ်ဝသည့် ကချင်ပြည်နယ် ဖားကန့်ဒေသသည် လျှပ်စစ်မီးတထိန်ထိန်ဖြင့် စက်မှုလုပ်ငန်းများ ယခင်ကထက် ပိုမိုထွန်းကား ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း။


ကချင်ပြည်နယ်တွင် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် (၁၃)မဂ္ဂါဝပ်ခန့်သာ သုံးစွဲနိုင်ခဲ့ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် (၄၃)မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာနိုင်ခဲ့ပါကြောင်း၊ လက်ရှိကချင်ပြည်နယ် ခရိုင်(၄)ခုအတွင်းတွင်ရှိသည့် မြို့ (၃၀)မှာ လျှပ်စစ်ဓာတ်အားများ ရရှိနေပြီး ကျေးရွာပေါင်း (၂၃၁၄)ရွာရှိသည့် အနက်ကျေးရွာပေါင်း (၁၃၁၄) ရွာသည် လျှပ်စစ်ဓာတ်အားများ ရရှိသုံးစွဲနေကြပြီ ဖြစ်ပါကြောင်း၊ ထို့အပြင် ကချင်ပြည်နယ်အတွင်း အိမ်ထောင်စုအရေအတွက် စုစုပေါင်း ၂၆၉၃၆၅ စုရှိရာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအထိ အိမ်ထောင်စု ၁၄၄၁၂၂ စုကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်သည့်အတွက် Electrification Ratio ၅၃ ဒသမ ၅ ရာခိုနှုန်းအထိ မြင့်တက်လာပြီဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ကျေးရွာများအနက် ကျေးရွာပေါင်း (၆၉)ရွာအား ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်နယ်များနှင့် တိုင်းဒေသကြီးများ အားလုံးက ပြည်သူများ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေးကို အထူးအလေးထားပြီး တစိုက်မတ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိ နိုင်ငံတော်ဓာတ်အားစနစ်တွင် အမြင့်ဆုံးဓာတ်အား သုံးစွဲမှုမှာ ၃၄၈၃ မဂ္ဂါဝပ်ရှိပြီး ရေအားစက်ရုံ(၂၈)ရုံမှ ၂၄၀ဝ မဂ္ဂါဝပ်နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (၁၆)ရုံမှ ၁၀၈၃ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ လက်ရှိအနေအထားအရ မြန်မာနိုင်ငံတွင် နှစ်စဉ်ဓာတ်အားတိုးတက်သုံးစွဲမှုမှာ (၁၅ ရာခိုင်နှုန်း)မှ (၁၉ ရာခိုင်နှုန်း)အထိ တိုးတက်သုံးစွဲလာသည့်အတွက် နှစ်အလိုက် ဓာတ်အားလိုအပ်ချက်မှာ ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် ၄၅၃၁ မဂ္ဂါဝပ်ခန့် တိုးတက်သုံးစွဲလာမည်ဟု ခန့်မှန်းရသည့်အတွက် စုစုပေါင်း ၂၇၅၇ မဂ္ဂါဝပ်ကို ထပ်မံတိုးတက် ထုတ်လုပ်ပေးနိုင်ရေး လျာထားဆောင်ရွက် လျက်ရှိပါကြောင်း၊ အဆိုပါ ဓာတ်အားထုတ်လုပ်မှုများမှာ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့အပြင် ၂၀၂၀ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းလာမည်ဖြစ်သည့်အတွက် LNG ဓာတ်ငွေ့သုံး စက်ရုံများဖြင့် စုစုပေါင်း (၃၀ဝ၀)မဂ္ဂါဝပ်ခန့်ကိုလည်း တည်ဆောက်၍ ဓာတ်အားတိုးတက် ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း။


ယခုကဲ့သို့ နိုင်ငံတော်မှ ဘဏ္ဍာငွေအမြောက်အမြား အကုန်ကျခံဆောင်ရွက်ပေးခဲ့သည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက အထူးဂရုပြု ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသခံမိဘပြည်သူများကလည်း ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ ကချင်ပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်က ၆၆ ကေဗွီ မိုးကောင်း - ဖားကန့် ဓာတ်အားလိုင်း (၅၅ ဒသမ ဝ၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဖားကန့်ဓာတ်အားခွဲရုံသို့ ဓာတ်အားစတင်ပို့လွှတ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မိုးကောင်းမြို့နယ် ဒေသခံပြည်သူ ဦးခမ်းဂေါန်နှင့် ဖားကန့်မြို့နယ် ဒေသခံပြည်သူ ဒေါ်မရမ်နမ်ဘောက်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဖားကန့်ဓာတ်အားခွဲရုံသို့ စက်ခလုတ်နှိပ်၍ ဓာတ်အားစတင် ဖြန့်ဖြူးပေးခဲ့ကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)
 

 

ာိည