နေပြည်တော်  ၂၈ ဇန်နဝါရီ 

 

လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ၆၆ကေဗွီရွာသစ် - ငါန်းဇွန်ဓာတ်အားလိုင်း (ဝ ဒသမ ၆၇) မိုင်၊ ၆၆/၁၁ကေဗွီ၊(၁၀) အမ်ဗွီအေငါန်းဇွန် ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲတွင် အဆိုပါ ဓာတ်အားခွဲရုံ၌ ကျင်းပသည်။

 

အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ဦးတိုးအောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်ဒေသခံပြည်သူများတက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မန္တလေးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခင်ကမြို့သာမြို့မှ ငါန်းဇွန်မြို့သို့ ၁၁ ကေဗွီဓာတ်အားလိုင်း (၁၆)မိုင်သွယ်တန်းပြီး ဓာတ်အားဖြန့်ဖြူးထားရာ ဓာတ်အားပျောက်ဆုံးမှုနှင့် ဗို့အားမပြည့်မီခြင်း တို့တွေ့ကြုံခဲ့ရသည့်အတွက် မိမိတို့ဝန်ကြီးဌာနမှ ငါန်းဇွန်မြို့တွင် ၆၆ ကေဗွီဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၆ ခုနှစ် မတ်လ ၇ ရက် မှစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် တည်ဆောက်ပြီးစီး၍ ဓာတ်အားပို့လွှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၆၆ကေဗွီရွာသစ် - ငါန်းဇွန် ဓာတ်အားလိုင်း (ဝ ဒသမ ၆၇)မိုင် နှင့်၆၆/၁၁ကေဗွီ(၁၀) အမ်ဗွီအေငါန်းဇွန်ဓာတ်အားခွဲရုံ တည်ဆောက်ရေးအတွက် ကျပ်သန်းပေါင်း (၂,၅၇၀)ကျော် အကုန်အကျခံတည်ဆောက်ခဲ့ပါကြောင်း၊ ငါန်းဇွန်ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း (ဝ ဒသမ ၆၇) မိုင်ကိုတည်ဆောက်ပြီးစီးခဲ့သည့်အတွက် ငါန်းဇွန်မြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာ (၁၅) ရွာကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး မီးလင်းရန်ကျန်ရှိသောကျေးရွာ (၃၉) ရွာကိုလျှပ်စစ်ဓာတ်အား သွယ်တန်းရရှိရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံ ခရိုင်အတွင်းယခင်ကထက် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၁၅ခုနှစ်တွင် Residential (၂၀၂ ဒသမ ၇) မဂ္ဂါဝပ်၊ Commercial (၃၄ ဒသမ ၃) မဂ္ဂါဝပ်၊ Industrial (၁၆၇) မဂ္ဂါဝပ်၊စုစုပေါင်း(၄၀၄)မဂ္ဂါဝပ်ခန့်သာ သုံးစွဲနိုင်ခဲ့ရာမှ၂၀၁၈ ခုနှစ်မှာResidential (၃၀၇ ဒသမ ၉) မဂ္ဂါဝပ်၊ Commercial (၅၂) မဂ္ဂါဝပ်၊ Industrial (၂၅၄ ဒသမ ၁) မဂ္ဂါဝပ်၊စုစုပေါင်း(၆၁၄)မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာနိုင်ခဲ့ပါကြောင်း၊ လက်ရှိမန္တလေးတိုင်းဒေသကြီး ခရိုင်(၇)ခုအတွင်းရှိမြို့ (၃၀)၊ ကျေးရွာပေါင်း(၄၇၉၉)ရွာအနက် (၃၇၅၈)ရွာသည်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားများ ရရှိသုံးစွဲနေကြပြီဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ကျေးရွာများအနက် ကျေးရွာပေါင်း(၇၀) ဓာတ်အားရရှိရေးကို ပြည်ထောင်စုဘဏ္ဍာငွေ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဘဏ္ဍာငွေ၊ World Bank, ADB,JICA စသည့်အဖွဲ့အစည်းများ၏ ချေးငွေများဖြင့်၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက် အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း။

 

IMG_7614

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်ပချေးငွေများရယူခြင်းအပါအဝင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊တိုင်းဒေသကြီး/ပြည်နယ် အစိုးရဘဏ္ဍာရန်ပုံငွေများသုံးစွဲပြီး အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မတ်လတွင်တစ်နိုင်ငံလုံးအိမ်ထောင်စုအားလုံး၏ (၅၅%) ခန့်အား ဓာတ်အားစနစ်မှလျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ၂၀၃၀ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးကိုဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ၆၆ ကေဗွီရွာသစ် - ငါန်းဇွန်ဓာတ်အားလိုင်း (ဝ ဒသမ ၆၇) မိုင်၊၆၆/၁၁ကေဗွီ၊ (၁၀) အမ်ဗွီအေငါန်းဇွန်ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံ တည်ဆောက်ခဲ့သော ဝန်ထမ်းများအားဂုဏ်ပြုသစ်သီးခြင်းပေးအပ်သည်။

 

ယင်းနောက် ၆၆ကေဗွီရွာသစ် - ငါန်းဇွန်ဓာတ်အားလိုင်း (ဝ ဒသမ ၆၇) မိုင်၊၆၆/၁၁ကေဗွီ၊ (၁၀) အမ်ဗွီအေငါန်းဇွန်ဓာတ်အားခွဲရုံအား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီး လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဦးဇာနည်အောင်၊ငါန်းဇွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမင်းသိန်း၊ ငါန်းဇွန်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ဦးတိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ထို့နောက်၆၆/၁၁ကေဗွီ၊ (၁၀) အမ်ဗွီအေငါန်းဇွန်ဓာတ်အားခွဲရုံကမ္ဗည်းကျောက်စာအား ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်နှင့် တိုင်းဒေသကြီးဝန်ကြီး ချုပ်ဒေါက်တာဇော်မြင့်မောင်တို့က စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးပြီးအမွှေးနံ့သာရည်များပက်ဖျန်းပေးကာ ဓာတ်အားခွဲရုံအတွင်းလှည့်လည် ကြည့်ရှုခဲ့ကြ ကြောင်းသတင်းရရှိသည်။

 

(သတင်းစဉ်)

 

IMG_7620