ဘားအံ အောက်တိုဘာ ၅
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက် အောင်မြင်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၄ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက “၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ကာကွယ်ဆေး ထိုးနှံရမည့်သူများ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ထိုးနှံပြီးစီးရန် မျှော်မှန်းထားကြောင်း၊ မြို့နယ်အဆင့်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် အားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပ ပေးသွားရန် လျာထားပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး မိမိတို့ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားအောင် ဆောင်ရွက်ပေးကြဖို့ လိုကြောင်း” ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လမ်း၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ အားကစားနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက် လိုလားချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဆက်လက်၍ (၆၆)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ကရင်ပြည်နယ်နေ့ ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က “ပြည်နယ်နေ့ အခမ်းအနားနှင့် မုခ်ဦးဖွင့်ပွဲကို ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထူးချွန်ဆုများ ချီးမြှင့်ပေးသွား မည်ဖြစ်ပြီး ပြပွဲ၊ ပြိုင်ပွဲများ၊ ပြခန်းများ၊ ကရင်ရိုးရာ ဒုံးအကနှင့် ဖျော်ဖြေပွဲများ၊ ရိုးရာလက်ဝှေ့ပွဲများ ထည့်သွင်းကျင်းပသွားရန် မျှော်မှန်ထားကြောင်း” ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်ဝန်ကြီးများက ကရင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး အခမ်းအနား ပြင်ဆင်ရေး၊ နေရာထိုင်ခင်း ပြင်ဆင်ရေး၊ နေရာချထားရေး၊ ကျန်းမာရေး၊ သန့်ရှင်းရေး၊ ရန်ပုံငွေရှာဖွေရေး၊ စာရင်းစစ်ဆေးရေး၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ပြခန်းကြီးကြပ်ရေး၊ ပြန်ကြားရေး၊ မှတ်တမ်းထိန်းသိမ်းရေးနှင့် ဖိတ်ကြားရေး၊ ပို့စကတ် ပြက္ခဒိန် မဂ္ဂဇင်း ထုတ်ဝေရေး၊ ဆုချီးမြှင့်ရေး အထောက်အကူပြုလုပ်ငန်း ကော်မတီများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)