ကျောက်ပန်းတောင်း ၁၂ စက်တင်ဘာ
ပုပ္ပားတောင်ကလပ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၆၇)ကြိမ်မြောက် အဘအောင်မင်းခေါင်ထွက်ပွဲသို့ မြန်မာပြည်အရပ်ရပ်မှ လာရောက်သူ များပြားခြင်းကြောင့် စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက ကားလမ်းများပိတ်သည်အထိ အဘအောင်မင်းခေါင်ထွက်ပွဲ စည်ကားနေကြောင်း တောင်ကလပ်ဂေါပက ဦးမြင့်ဆွေအေးထံမှ သိရသည်။
ပုပ္ပားတောင်ကလပ်သည် သဘာဝသွင်ပြင်ရူပအတိုင်း ကျောက်တောင်ကြီးအဖြစ် တည်ရှိနေခြင်းကြောင့် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး လာရောက်လျက်ရှိရာ သာမန်အချိန်မှာပင် ဘုရားဖူးခရီးသွား များပြားသည့် ဒေသတစ်ခုဖြစ်ကာ ယခုလို အဘအောင်မင်းခေါင်ထွက်ပွဲ (ဒေသအခေါ် ဘိုးတော်ထွက်ပွဲ)ရက်များတွင် ဘိုးတော်ထွက်ပွဲရက် မရောက်ခင်အချိန်တည်းက ကြိုတင်လာရောက်နေကြကာ အောင်သိဒ္ဒိကုန်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် တောင်ကလပ် အခြေရှိ ဘုန်းတော်ကြီးကျောင်းများသို့ မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ ကြိုတင်လာရောက် တည်းခိုနေသူများဖြင့် ပြည့်နေပြီဖြစ်ကာ အဘအောင်မင်းခေါင် ထွက်ပွဲရက်ဖြစ်သည့် တော်သလင်းလပြည့်ကျော် (၂)ရက်နေ့ ဘိုးတော်ထွက်ပွဲနေ့တွင် တိုးမပေါက်အောင် နှစ်စဉ်နှစ်တိုင်း အမြဲစည်ကားကြောင်း တောင်ကလပ် ဂေါပကအဖွဲ့ဝင် ဦးကျော်ဝင်းဆွေမှပြောပြသည်။
ဘိုးတော်ထွက်ပွဲသို့ လာရောက်ကြသည့် မြန်မာပြည်အရပ်ရပ်မှ လာရောက်သူများသည် သာသနာပွဲများ ဆက်ကပ်ပူဇော်ခြင်း၊ ၃၇ မင်းနတ်နန်းသို့ ပွဲဆက်သခြင်း၊ အဘအောင်မင်းခေါင် အောင်မြေနန်းသို့ သာသနာပွဲ ဆက်ကပ်ခြင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး စေတီသို့ ငှက်ပျော်၊ အုန်းပွဲများ ဆက်ကပ်ပူဇော်ကြကာ ကမ္ဘာသူ ကမ္ဘာသားများ ထာဝရငြိမ်းချမ်းကြရန် ဘိုးတော်ထွက်ပွဲသို့ လာရောက်ပြီး ဆက်ကပ် ပူဇော်လေ့ရှိကြောင်း တောင်ကလပ် ဂေါပက အဖွဲ့ဝင် ဦးဝင်းလှိုင်မှ ရှင်းပြသည်။
အဘအောင်မင်းခေါင် ထွက်ပွဲအား တော်သလင်းလပြည့်ကျော် (၂)ရက်နေ့တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ရာ တနှစ်ထက်တနှစ် ပိုပိုစည်ကားလာပြီး လာရောက်ကြသည့် ကားကြီး၊ ကားလေးများ အမြဲတမ်း ကားလမ်းပိတ်သည်အထိ စည်ကားလာသည့် ပွဲတော်ကြီးဖြစ်လာကာ တောင်ကလပ်ဂေါပက အဖွဲ့မှလည်း ဘိုးတော်ထွက်ပွဲသို့ လာရောက်သည့် ဘုရားဖူးခရီးသွားများ စိတ်ချမ်းမြေ့စွာ နေထိုင်နိုင်ရေးနှင့် စည်းကမ်းရှိစေရေးတို့အတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်ကာ ကြိုတင် စီစဉ်မှုများ ပြုလုပ်ထားကြောင်း ပုပ္ပားတောင်ကလပ်ဂေါပက ဉက္ကဌထံမှသိရကာ ဘိုးတော်ထွက်ပွဲသို့ လာရောက်သူများ တော်သလင်းလဆန်း ၈ ရက် ၉ ရက်မှစက ရောက်ရှိနေကြကြောင်း သိရ သည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


