လွိုင်ကော်   ၁၁  ဇန်နဝါရီ     

 

၂၀၁၉ ခုနှစ်၊ (၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကပြိုင်ပွဲအား ဇန်နဝါရီ ၁၀ ရက်နေ့မှ ဇန်နဝါရီ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြိုင်ပွဲပထမညအဖြစ် ဇန်နဝါရီ ၁၀ ရက်နေ့ ည ၇ နာရီအချိန်တွင် လွိုင်ကော်မြို့၊ ကယားဒေးကွင်း၊ ပြခန်းဘေးရှိ ရိုးရာယဉ်ကျေးမှု အကစင်မြင့်တွင် ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ဇနီး ဒေါ်မြင့်မြင့်မော်၊ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးနှင့် ဇနီး နန်းစောခင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။

 

IMG_0285 ကယား (1).J

 

ပြိုင်ပွဲပထမညအနေဖြင့် လွိုင်ကော်မြို့၊ (၃) မိုင်ပကြဲ စံပြကျေးရွာမှ ကယား(၉) မျိုးအက၊ အထက (ခွဲ) နာနတ်တောမှ ကယောရိုးရာအက၊ ဒေါတခြား (ပအိုဝ့်) ကျေးရွာမှ ပအိုဝ့် (နီးအားရ်ဝ်) အက၊ အထက(၇) မှ ကရင်ဒုံးယိမ်းအက၊ ထူဒူငံသကျေးရွာမှ ကယားလီဖု အက၊ ဒေါဥခူမိခင်အဖွဲ့မှ ကော်ယော်ရိုးရာအက၊ ဒေါစော်ဘီးကျေးရွာမှ ထူထွတ်လီမြား ကယားလီဖု အက၊ ပီကင်းကောခူ ကျေးရွာမှ လမှုံထိုင်(လ်) အက၊ ဘာဒိုကျေးရွာမှ ကယောရိုးရာအက၊ ဒေါကလို့ခူကျေးရွာမှ အမို့လို့ကေ့ဒူကလားမေးအကတို့ဖြင့် အသီးသီး ယှဉ်ပြိုင်ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ပြိုင်ပွဲဝင်အသင်းများမှ ဖျော်ဖြေတင်ဆက်မှုအပြီးတွင် မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့မှ Tiger Dance Group အဖွဲ့၏ အပျိုတော်အက၊ ပုဂံအမျိုးသားအက၊ ထီးယိမ်းအက၊ ဆင်အက၊ ရေအိုးယိမ်းအက၊ ကျားအက၊ နောင်အင်းလေး ဆင်အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီးနောက် လွိုင်ကော်မြို့၊ နာနတ်တော လူငယ်များမှ ခေတ်ပေါ် တေးဂီတ စတိတ်ရှိုးဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

 

IMG_0285 ကယား (2).

 

အဆိုပါ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကပြိုင်ပွဲကို လာရောက်ကြည့်ရှုသူများက ပြိုင်ပွဲဝင် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုများ၏ ကပြဖျော်ဖြေပြိုင်ပွဲဝင်မှုကို  ဆောင်းရာသီ၏ ချမ်းအေးမှုကြားက စိတ်ဝင်တစားကြည့်ရှုကာ ကြည့်ရှုအားပေးခဲ့ကြသည်။ ယခုလို တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သည့် ပြိုင်ပွဲကို တိုင်းရင်းသား ပြည်သူများက နှစ်ခြိုက်စွာ အားပေးခဲ့ကြကြောင်း သိရှိရသည်။ (၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်မှာ ဒေသခံတိုင်းရင်းသားများသာမက ပြည်ထောင်စုတိုင်းရင်းသားများ၏ ရိုးရာအကများပါ ပါဝင်၍ ပြိုင်ပွဲဝင်မှုများကြောင့် ကြည့်ရှုသူ ပရိသတ်များအတွက် များစွာကြည်နူးပျော်ရွှင်မှုများ ရရှိနိုင်မှာဖြစ်ပြီး (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ကို ကျင်းပပြုလုပ်ရာမှာ ယခင်နှစ်ထက် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ဆန္ဒကိုဖြည့်စွက်ကာ အားကစားနည်းများတိုးချဲ့ ဆောင်ရွက်ပေးခဲ့ခြင်း၊ အားကစားနည်းများအပြင် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ဖြစ်သည့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေနိုင်မည့် ရိုးရာအကများ ပါဝင်ပြိုင်ပွဲဝင်ခြင်း၊ ရိုးရာအားကစားနည်းများအပြင် နိုင်ငံတကာ အားကစားနည်းများ ပါဝင်ထည့်သွင်းထားခြင်းကြောင့် နောင်လာမည့် ထူးချွန်သည့် အားကစားသမားများ ပြည်နယ်အတွင်းမှာ ထွက်ပေါ်လာနိုင်သည့်အတွက်  ဒေသခံတိုင်းရင်းသားတို့၏ ရင်ဝယ် ဝမ်းသာပီတိဖြစ်ကြရကြောင်း သိရှိရသည်။

 

ကိုစိုင်း (လွိုင်ကော်)

 

IMG_0285 ကယား (3).