နေပြည်တော် နိုဝင်ဘာ ၈

 

ထူးချွန်ဆုများ ပေးအပ်ခြင်းသည် ကာယကံရှင်များကိုယ်တိုင် မိမိကိုယ်ကိုဂုဏ်ယူ တတ်စေရန်နှင့် အခြားသူများက လေးစားအားကျအတုယူကာ ပြည်နယ်အတွင်းထူးချွန်သူများ ဆင့်ကဲပေါ်ထွန်းလာပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ် ဂုဏ်ဆောင်ထူးချွန်သူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားတွင် ပြောကြား ခဲ့သည်။

 

အဆိုပါ အခမ်းအနားကို  နိုဝင်ဘာလ ၇ ရက် မွန်းလွဲပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ထူးချွန်ဆုရရှိကြသူများ အနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ထူးချွန်သူများကို အားကျအတုယူပြီး ပြည်နယ်ဂုဏ်ကို ဆောင်နိုင်သည့် မျိုးဆက်သစ်လူငယ်များ ဆက်လက်ပေါ်ပေါက်လာ စေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများက (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု၊ ပညာရေးဆိုင်ရာထူးချွန်ဆု၊ လူမှုရေးဆိုင်ရာထူးချွန်ဆု၊ တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်ဆု၊ စိုက်ပျိုးရေး တောင်သူ ထူးချွန်ဆု၊ မွေးမြူရေးတောင်သူထူးချွန်ဆု၊ ဌာနဆိုင်ရာများမှ ထူးချွန်ဝန်ထမ်းဆု၊ အားကစား ထူးချွန်ဆု၊ ကြက်ခြေနီ ထူးချွန်ဆု၊ ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာ၊ ပုံပြောနှင့် သင်တန်းများတွင် ထူးချွန်ဆု၊ နိုင်ငံတော်မှကြီးမှူးကျင်းပသည့် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများ၊ အသင်းအဖွဲ့ဂုဏ်ပြုဆု၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်သည့်ဆု၊ ဝင်ငွေခွန်အများဆုံးထမ်းဆောင်သည့်ဆု၊ အထူးကုန်စည်ခွန်အများဆုံး ထမ်းဆောင်သည့်ဆု၊ ပြခန်းဆု အစရှိသည့် ဆုပေါင်း ၁၄၁ ဆုကို ပေးအပ်ချီးမြှင့်ပြီး ထူးချွန်ဆုသူရရှိသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ လှာကမြင် ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည့် အမျိုးသမီးမီတာ ၁၀၀ အပြေးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် အမျိုးသားမီတာ ၄၀၀ အပြေးပြိုင်ပွဲဗိုလ်လုပွဲစဉ်တို့ကို ကြည့်ရှုအားပေးခဲ့ပြီး ၂၀၂၂ခုနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တံခွန်စိုက်ဖလားနှင့် ငွေသားဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)