ဘားအံ အောက်တိုဘာ ၂၇
(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ မြို့မဈေး သားငါးဈေးရုံဖွင့်ပွဲ ကို အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက အဆိုပါဈေးရုံရှေ့၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက “ဈေးသူဈေးသားများအနေဖြင့် အနံ့အသက် ကင်းရှင်းပြီး ကျန်းမာရေးနှင့်အညီ သားငါးများ ရောင်းချနိုင်မည်ဖြစ်သကဲ့သို့ ဝယ်ယူစားသုံးသူများ အနေဖြင့်လည်း သန့်ရှင်းလတ်ဆတ်သော သားငါးများကို စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ မြို့မသားငါးဈေးရုံ ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း” တိုက်တွန်းပြောကြားသည်။
ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ခဲ့ပြီး မြို့မဈေး သားငါးဈေးရုံ၌ ဈေးသူ၊ ဈေးသားများ အသားနှင့်ငါးများ ရောင်းဝယ်နေမှုနှင့် စားသုံးသူပြည်သူများ ဈေးဝယ်ယူနေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု အားပေးကြသည်။ မြို့မဈေး သားငါးဈေးရုံသည် ယခင်ပျက်စီးနေသည့် သစ်သားတိုင်၊ သွပ်မိုး အဆောက်အအုံကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် ၁၄၄ သန်းဖြင့် မြို့အင်္ဂါရပ်နှင့်အညီ (၆၆ ပေ x ၄၂ ပေ x ၂၅ ပေ) သံကူ ကွန်ကရစ် နှစ်ထပ်အဆောက်အအုံအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်