လွိုင်ကော် ၁၅ ဇန်နဝါရီ
၂ဝ၁၉ ခုနှစ်၊ (၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာ - ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး မယ်ဟောင်ဆောင်ခရိုင်နှင့် ကယားပြည်နယ်တို့ ပူးပေါင်း၍ (OTOP) ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲကို ဇန်နဝါရီ ၁၄ ရက် ညနေ ၅ နာရီက ပွဲတော်ကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူ၊ မယ်ဟောင်ဆောင် ဒု-ခရိုင်ဝန်နှင့်အဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်တို့ တက်ရောက်ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်ပြီး မယ်ဟောင်ဆောင်ခရိုင်ဖွံ့ဖြိုးရေးဌာန တာဝန်ခံမှ အစီရင်ခံ တင်ပြခြင်းနှင့် မယ်ဟောင်ဆောင် ဒု-ခရိုင်ဝန် Mr. Sakorn Rungrang က ဂုဏ်ပြုနှုတ် ဆက်စကားပြောကြား ခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးနှင့် မယ်ဟောင် ဆောင်ခရိုင်ဝန်တို့က (OTOP) ကုန်စည်ပြပွဲ နှင့် ဈေးရောင်းပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူတို့က အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖွင့်ပွဲအပြီးတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကပဒေသာများဖြင့် ဂုဏ်ပြုဖျော်ဖြေ တင်ဆက်ကြသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဌ နှင့် မယ်ဟောင်ဆောင် ဒု-ခရိုင်ဝန်တို့က ကုန်စည်အရောင်းပြခန်းများနှင့် (၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းများအား လှည့်လှည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။
ထွန်းလေး
