မန္တလေး  ၁၀  ဇန်နဝါရီ    

 

၆၈ ကြိမ်မြောက် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၏ ပညာရှင်များပါဝင်သော မျက်နှာစုံညီ ညှိနှိုင်းအစည်းအဝေးကို သာသနာတော်နှစ် ၂၅၆၂၊ မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်၊ ပြာသိုလ်လ ဆန်း ၅ ရက်၊ ခရစ်နှစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၀ ရက်၊ ၉ နာရီတွင် မန္တလေးမြို့၊ ၆၆ လမ်း၊ ၂၀ လမ်း × ၂၂ လမ်းကြား၊ အောင်မြေသာဇံမြို့နယ်ရှိ အမျိုးသား ဇာတ်ရုံ(မန္တလေး)၌ ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညိန္ဒ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်ချစ်၊ အတွင်းရေးမှူး ဆရာကြီး ဦးပြေငြိမ်း၊ တွဲဖက် အတွင်းရေးမှူး ဦးဇော်မြင့်နှင့် ပြက္ခဒိန်အကြံပေးအဖွဲ့ဝင်များ၊ အရန်အဖွဲ့ဝင်များ၊ သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 

ဒုတိယဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် ယခုစုံညီစွာတက်ရောက်လာကြသည့် ပညာရှင်ကြီးများအနေဖြင့် ဝါကြီးထပ်၊ ဝါငယ်ထပ်ကိစ္စကို နိုင်ငံတော်၏ သာသနာရေးဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သော သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်တော်မူသည့် အချက်များနှင့် ကိုက်ညီစွာ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းရှိ နိုင်ငံသူ နိုင်ငံသားများအကျိုးကို ရှေးရှု၍ ယခုအစည်းအဝေးတွင် ဆုံးဖြတ်နိုင်ကြရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရှိရာရှိကြောင်း ဖြစ်စေမည့် ပြက္ခဒိန်ဆိုင်ရာ သိရှိဖွယ်ရာများကို ဝိုင်းဝန်းဆွေးနွေး ပေးကြရန်ထည့်သွင်းပြောကြား ခဲ့ပါသည်။ ပြက္ခဒိန်အကြံပေးအဖွဲ့၏ မျက်နှာစုံညီအစည်းအဝေး ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

 (သတင်းစဉ်)