လွိုင်ကော် ၃ ဇန်နဝါရီ
(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အနေနှင့် ပြည်နယ်အတွင်း စီမံခန့်ခွဲရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုရေး စသည့် ကဏ္ဍစုံတွင် ထူးချွန်စွာ ဆောင်ရွက်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်း မဟုတ်သည့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ထူးချွန်စွာ ဆောင်ရွက်ခဲ့သူ (၆၅) ဦး တို့အား ဂုဏ်ပြု ချီးမြှင့်ပွဲကို ယမန်နေ့ မွန်လွဲ ၁ နာရီခွဲအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လက်ရှိ တည်ဆဲ မူဝါဒများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီဆောင်ရွက် ပေးသင့်သည့် အရာများကို ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့ပြီး ဌာနအကြီးအကဲများ၏ တင်ပြချက်များနှင့်အညီ ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ဌာနများတွင် ထူးချွန် ထက်မြက်သည့် ဝန်ထမ်းများရှိပြီး ယင်းအခြေအနေများကို အချို့သောဌာနအကြီးအကဲများ အနေနှင့် တင်ပြမှုများ အားနည်းနေသည်ကို တွေ့မြင်ရပါကြောင်း၊ ဌာနအကြီးအကဲများအနေနှင့် ယင်းကဲ့သို့တင်ပြပေးရန် အတွက် တွန့်ဆုတ်နေသည်ကို တွေ့မြင်ရပြီး ဂုဏ်ပြုသင့်၊ ဂုဏ်ပြု ထိုက်သူများကို ဂုဏ်ပြုပေး နိုင်ရန်အတွက် အလေးထား တင်ပြပေးစေလိုကြောင်း၊ မိမိအနေနှင့် ယခုလက်ရှိ ဆုချီးမြှင့်မည့် သူများကို ထိုက်တန်သူများ အဖြစ် မှတ်ယူ၍ ချီးမြှင့်ပေးအပ်ခြင်းဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ဂုဏ်ပြုလက်မှတ်လက်ခံရရှိသည့် နိုင်ငံ့ဝန်ထမ်းများ ကိုယ်စား ပြည်နယ်ကျန်းမာရေးဦးစီးဌာန ဒု-ပြည်နယ်ဦးစီးမှူးကလည်းကောင်း၊ ပြည်သူများ ကိုယ်စား ဦးတင်လှက လည်းကောင်း ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ထွန်းလေး(လွိုင်ကော်)