ဘားအံ နိုဝင်ဘာ ၁၁
(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲကို နိုဝင်ဘာ ၅ ရက်မှစ၍ ဒုံးအဖွဲ့ ၁၉ ဖွဲ့ဖြင့် တစ်ဖွဲ့လျှင် နှစ်ကျော့ယှဉ်ပြိုင်စေပြီး အကောင်းဆုံး ၁၀ ဖွဲ့ကို ရွေးချယ်၍ ထပ်မံယှဉ်ပြိုင်စေခဲ့ရာ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက ဆုချီးမြှင့်ပွဲအခမ်းအနားကို ဘားအံမြို့၊ သီရိကွင်းဒုံးစင်မြင့်၌ ကျင်းပခဲ့သည်။
ဦးစွာ ဖျော်ဖြေရေးဒုံးအဖွဲ့များနှင့် ကရင်အနုပညာရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြရာ ပြည် နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တိုင်းရင်းသားပြည်သူများ ကြည့်ရှုအားပေးကြပြီး ဆုရရှိသည့် အဖွဲ့များအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ကြသည်။
ယင်းနောက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ဒုံးအဖွဲ့များနှင့် ကရင်အနုပညာရှင်များက ပြန်လည်ဖျော်ဖြေ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
အလားတူ Grade-11 နှင့် Grade-12 သင်ဆရာ၊ ဆရာမများအတွက် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁၁ ရက် နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်ပြီး အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်က ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့် လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်း Video Clip ကို ပြသကာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ငွေကျပ် ၈၁၈၈၀၀ဝ ကို ထောက်ပံ့ပေးအပ်သည်။
အဆိုပါသင်တန်းသို့ အထက်တန်းပြ ဆရာ ဆရာမပေါင်း ၂၆၉ ဦး တက်ရောက်လျက်ရှိပြီး ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့တွင် နှစ်နေရာခွဲ၍ ပြည်နယ်ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိ ခုနစ်ဦးက ဥပဒေဘာသာရပ် ခုနစ်ခုကို ၁၀ ရက်ကြာ ဆရာဖြစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


