ရန်ကုန် ဖေဖော်ဝါရီ ၇
(၆)ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆုဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ကနောင်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်များ၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေးနှင့် လုပ်ငန်းရှင်များကို ဂုဏ်ပြုသည့် ASEAN-OSHNET က ချီးမြှင့်သော ဆုများ ရရှိစေရန် ရွေးချယ်ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ဆိုင်ရာကိစ္စရပ်များ၊ ဆုရွေးချယ်ရေးနှင့် ပတ်သက်သည့်စံနှုန်း သတ်မှတ်ချက်များကို လည်းကောင်း ရှင်းလင်း ကြပြီး ဆုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို Video Clip ဖြင့် ရှင်းလင်းပြသသည်။
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် ထူးခြားစွာဆောင်ရွက်ထားသော ကုန်ထုတ်သည့် စက်ရုံ၊ အလုပ်ရုံနှင့် အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများအနေဖြင့် ASEAN-OSHNET Excellence ဆုကို လည်းကောင်း၊ အလုပ်သမား အင်အား (၅၀) ဦးမှ (၃၀၀) အထိရှိ အသေးစားနှင့် အလတ်စား စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများ၊ လုပ်သားအင်အား (၃၀၀) မှ (၆၀၀) အထိရှိ လုပ်အားအခြေပြု ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် လက်ခစား လုပ်ကိုင်သည့် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများ အနေဖြင့် ASEAN-OSHNET Best Practices ဆုကို လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ၂ဝ၂၅ ခုနှစ် မတ် ၃ ရက်တွင် လျှောက်လွှာများ နောက် ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)