နေပြည်တော် ဇန်နဝါရီ ၂၄
(၇) ကြိမ်မြောက် မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြား ရေးမှူးချုပ်အဆင့် အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံမှ အလှည့်ကျ အိမ်ရှင်အဖြစ်ကျင်းပရာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူးရဲမှူးချုပ် ဝင်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ ၌ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ်ဝင်းနိုင် က ယနေ့ခေတ်တွင် နည်းပညာဆန်းသစ်မှုပြောင်းလဲလာသော အခြေအနေများအရ မူးယစ်ဆေး ဝါးပြဿနာသည် လွန်စွာရှုပ်ထွေးလာပြီး ကမ္ဘာ့နိုင်ငံတိုင်းကြုံတွေ့နေရသည့် အခက်အခဲ ပြဿနာများစွာထဲတွင် အကြီးမား ဆုံးစိန်ခေါ်မှုပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးက နည်းလမ်းမျိုးစုံဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ထိန်းချုပ်တားဆီးမှုများ လုပ်ဆောင်နေ သော်လည်း အခက်အခဲပေါင်းများစွာ၊ စိန်ခေါ်မှုများစွာနှင့် ဆက်လက်ကြုံတွေ့နေရဆဲ ဖြစ်ပါကြောင်း။
မူးယစ်ဂိုဏ်းအဖွဲ့များ၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှု နည်းစနစ်နှင့် လမ်းကြောင်းများ အမြဲပြောင်းလဲ၍ ဆောင်ရွက်လာသည့်အတွက် နိုင်ငံအားလုံး ရေရှည်ပူးပေါင်း ဖြေရှင်းဆောင်ရွက်သွားရမည့် အရေးကြီးလုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံဖြတ်ကျော်မှုခင်း ကျူးလွန်သူဂိုဏ်းအဖွဲ့များသည် မူးယစ်ဆေးဝါးကုန်သွယ်မှုကို အဓိက စီးပွားရေးလုပ်ငန်းအဖြစ် ဆက်လက်တိုးမြင့်လုပ်ကိုင်ဆောင်ရွက်လာသဖြင့် မူးယစ်ဆေးဝါး ပြဿနာသည် လျော့ကျသွားခြင်းမရှိသည့်အပြင် ပိုမိုကျယ်ပြန့်လာခြင်းနှင့်အတူ ဒေသအပြင် ဘက်မှ မူးယစ်ဂိုဏ်းအဖွဲ့များမှ ကွန်ရက်များတည်ဆောက်ပြီး ဈေးကွက်ချဲ့ထွင်လာ ကြပါကြောင်း၊ ယနေ့ကမ္ဘာ့နိုင်ငံများကို ခြိမ်းခြောက်လျက်ရှိသည့် အဓိကပြဿနာမှာ လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug) ပြဿနာဖြစ်ပြီး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများ ပိုမိုကြီးမားကျယ်ပြန့်လာခဲ့ပါကြောင်း၊ အလားတူ ဈေးကွက်အတွင်းတွင် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာသည့် လူလုပ်မူးယစ်ဆေးဝါးများ လွယ်ကူစွာ ဝယ်ယူ ရရှိမှုများကြောင့် သုံးစွဲသူဦးရေများပြားလာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်သတ်မှတ်ပြီး ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရန် လူလုပ်မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် ပရီကာဆာထိန်းချုပ်ရေးကို အဓိကဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဒေသတွင်းသို့ ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်နေမှုများနှင့် လမ်းလွဲရောက်ရှိမှုများမှာလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများအတွက် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း။
မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုနေသည့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိမှုမှာ မူးယစ် ဆေးဝါးဖမ်းဆီးရမိမှုများနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေသည့်အတွက် နှစ်နိုင်ငံ နယ်နိမိတ်ထိစပ် နေသည့် နယ်စပ်ဒေသများမှ ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုမရှိစေရေးကို ယခုထက်ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား မူးယစ်တရားခံ ပြေးများ၊ ကွင်းဆက်တရားခံများ၊ ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုဆိုင်ရာ သတင်းအချက်အလက်များ၊ မူးယစ်ကုန်ကူး သူများ၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များရရှိပါက အချိန်နဲ့တစ်ပြေးညီ သတင်းဖလှယ်ပေးပို့စေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
အစည်းအဝေးသို့ အိန္ဒိယနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) ညွှန်ကြားရေးမှူးချုပ် Mr. Satya Narayan Pradhan ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံကိုယ်စားလှယ်များမှ လက်ရှိမူးယစ်ဆေးဝါးအခြေအနေများ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှု မရှိစေရေး တားဆီးနှိမ်နင်းရေးဆောင်ရွက်မှု အခြေအနေများ၊ မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ချရေးအခြေအနေများ၊ နယ်စပ်ဒေသများတွင် ဘိန်းပင် တရားမဝင်စိုက်ပျိုးခြင်း ဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ (၈) ကြိမ်မြောက် အစည်းအဝေးကို အိန္ဒိယနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


