နေပြည်တော် ဒီဇင်ဘာ ၁၂

(၇)ကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေးပညာ ဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဖန်ကျင်းကန်မြို့၌  Hybrid စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင်  ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဖန်ကျင်းကန်မြို့ အစိုးရအဖွဲ့  မြို့တော်ဝန် Huang Jiang  က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ 

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာအေးထွန်း က  ဗီဒီယိုမိန့်ခွန်းပြောကြားရာတွင်  ဖွံ့ဖြိုး ဆဲနိုင်ငံများ၏ ကျေးလက်ဒေသများတွင် ဆေးဖက်ဝင် အပင်များ၊ ရိုးရာကုသနည်းများနှင့် တိုင်းရင်းဆေးပညာရှင်များသည် ကျန်းမာရေးစောင့် ရှောက်မှု၏အဓိကရင်းမြစ်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် တိုင်းရင်းဆေးသုံးစွဲမှု များပြားလာကာ နိုင်ငံများ၏အစိုးရများကလည်း တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးလျက်ရှိကြောင်း။

အချို့သော ဆေးဖက်ဝင် အပင်မျိုးစိတ်များစွာသည် မျိုးသုဉ်းပျောက်ကွယ်တော့မည် အခြေ အနေသို့ ကျရောက်လျက် ရှိကြောင်း၊ ဇီဝမျိုးစုံ မျိုးကွဲများကို ထိန်းသိမ်းရန်နှင့် မျိုးသုဉ်းပျောက်ကွယ်ရန် ခြိမ်းခြောက်ခံနေရသောမျိုးစိတ်များကို ကာကွယ်ရန် ဆေးဖက် ဝင်အပင်များကိုစနစ်တကျစိုက်ပျိုးရန် လိုအပ်လျက်ရှိကြောင်း၊ ဆေးဖက်ဝင် အပင်များကို  ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေး၊ တိုင်းရင်းဆေးပညာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် အသုံးချနိုင်ရေးအတွက် နိုင်ငံ အချင်းချင်း ချိတ်ဆက် ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ ကိုယ် စားလှယ်များအကြား တိုင်းရင်ဆေး ပညာရပ်ဆိုင်ရာ အတွေ့အကြုံများ၊ သုတေသန ဆောင် ရွက်မှုများ၊ ဘုံမူဘောင်များ၊ အမျိုးသားမူဝါဒများနှင့် အနာဂတ် ဦးတည်ချက်များကို ဆွေးနွေးဖလှယ်၍ ပူးပေါင်းဆောင်ရွက်များပိုမို မြှင့်တင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း  ပြောကြားသည်။ 

ဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ တိုင်းရင်းဆေး ပညာရှင်များတက်ရောက်ကြပြီး ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နန်နင်းအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ်က in-person ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ တိုင်းရင်းဆေးပညာရှင်များက Online ဖြင့် လည်းကောင်း တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်