နေပြည်တော ဩဂုတ် ၁၈
(၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ တတိယနေ့ကို ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center ၌ ဆက်လက် ကျင်းပရာ မြန်မာနိုင်ငံ ပြခန်းဆောင်၌ ယဉ်ကျေးမှုအကပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြပြီး လာရောက် ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။
GMS ဖိုရမ်သို့တက်ရောက်ရန် ကူမင်းမြို့၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးများ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ ပြခန်းဆောင်နှင့် မြန်မာနိုင်ငံမှ ပါဝင်ပြသလျက်ရှိသည့် ပြခန်းများကို လာရောက်ကြည့်ရှုအားပေး ကြသည်။
ထို့ပြင် မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ (၈)ဖွဲ့သည် စီးပွားရေး တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး (Logistics)၊ သစ်တောထွက်ကုန်များ၊ နှစ်နိုင်ငံ အကြား ကုန်ပစ္စည်းတင်ပို့တင်သွင်းနိုင်မည့် အခြေအနေများကိုဆွေးနွေးကြပြီး မြန်မာနိုင်ငံမှ ကုန်ပစ္စည်း များကို ဝယ်ယူတင်သွင်းရာတွင် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်နှင့် လိုအပ် သော သတင်းအချက်အလက် များကို အလွယ်တကူရှာဖွေရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ၌ Online Platform များ တည်ထောင်ထားမှု အခြေအနေနှင့်ပတ်သက်၍ တရုတ်စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းမှုများအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ကုန်စည်ပြပွဲ တတိယနေ့တွင် မြန်မာပြခန်းများ၌ ဝယ်ယူသူများဖြင့် စည်ကားခဲ့ပြီး ကုန်စည်ပြပွဲကို သြဂုတ် ၂၀ ရက်အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)