နေပြည်တော် ၃ ဇန်နဝါရီ
ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၀)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ဖြစ်ကြသော ဖူဆယ်၊ လွန်ဆွဲ၊ ထုပ်ဆီးတိုး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ၏ တတိယလုပွဲနှင့် ဗိုလ်လုပွဲများအား ယနေ့နံနက် ၈ နာရီမှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း၌ ကျင်းပသော ထုပ်ဆီးတိုးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းမှ အနိုင်ရဗိုလ်စွဲခဲ့သည်။
လွန်ဆွဲပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် အမျိုးသားပွဲစဉ်များအဖြစ် ပြည်ထောင်စုရာထူးဝန်အသင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကြရာ ပြည်ထောင်စုရာထူးဝန်အသင်းမှ လည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကြရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းမှ လည်းကောင်း၊ အမျိုးသမီးပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုရာထူးဝန်အသင်းတို့ ယှဉ်ပြိုင်ကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှလည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းမှ လည်းကောင်း အသီးသီး အနိုင်ရရှိသည်။
ဖူဆယ်အားကစားရုံ၌ တတိယလုပွဲအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသင်းမှ (၄)ဂိုး၊ (၃)ဂိုးဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်းတို့ယှဉ်ပြိုင်ကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းမှ (၅)ဂိုး၊ (၄)ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသည်။
ဇန်နဝါရီ ၄ ရက်တွင် လွန်ဆွဲပြိုင်ပွဲ(အမျိုးသမီး) တတိယလုပွဲအဖြစ် ပြည်ထောင်စုရာထူးဝန်အသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ (အမျိုးသား) တတိယလုပွဲအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းသည်လည်းကောင်း၊ (အမျိုးသမီး) ဗိုလ်လုပွဲအဖြစ် ပြည်ထောင်စုရာထူးဝန်အသင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်း၊ (အမျိုးသား) ဗိုလ်လုပွဲအဖြစ် ပြည်ထောင်စုရာထူးဝန်အသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသင်းတို့သည် အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။
(သတင်းစဉ်)