နေပြည်တော်  ၆  အောက်တိုဘာ

 

ကမ္ဘာတစ်ဝန်းရှိ နေရပ်စွန့်ခွာမှုများ၊ ရွှေ့ပြောင်းသွားလာမှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများပြုလုပ်ရန် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ (၇၁) ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အွန်လိုင်းမှ ပါဝင်တက်ရောက်သည်။

 

အစည်းအဝေးသို့ UNHCR အမှုဆောင်ကော်မတီအဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ဝင် လေ့လာသူနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော လေ့လာသူနိုင်ငံများ၊ လေ့လာသူအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ အွန်လိုင်းမှတဆင့် ပါဝင်တက်ရောက်ကြသည်။ 

 

အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၅ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပခဲ့ရာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Fillipo Grandi၊ ကုလသမဂ္ဂအဖွဲ့၏ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ အမှုဆောင် ဒါရိုက်တာ Ms. Henrietta Fore တို့က အမှာစကားပြောကြားကြသည်။ 

 

ဆက်လက်၍ နိုင်ငံအသီးသီးမှ မိန့်ခွန်းပြောကြားသည့် အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားရာ မိမိတို့မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မည်သူတစ်ဦး တစ်ယောက်မျှ ကျန်ရစ်ခြင်းမရှိစေရဟူသော မူအတိုင်း ကာကွယ်တုံ့ပြန်မှုများကို ဆောင်ရွက်နေပါကြောင်း၊ အထူးသဖြင့် နေရပ်စွန့်ခွာသူများ၊ တိုက်ပွဲရှောင်ပြည်သူများ စသည့် ထိခိုက်လွယ်အုပ်စုများ၏ အရေးကိုလည်း ဦးစားပေးဆောင်ရွက်နေကြောင်း၊ နေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ် စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်နိုင်ရန် အတွက် စီမံချက်ရေးဆွဲ၍ နိုင်ငံတော်မှ ငွေကျပ်(၂ ဒသမ ၁)ဘီလီယံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြီးခဲ့သည့် သြဂုတ်လလယ်မှစ၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြည်တွင်းကူးစက် လူနာများ စတင်တွေ့ရှိပြီးနောက်ပိုင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်မှုလုပ်ငန်းများကို ထပ်မံတိုးမြှင့် ဆောင်ရွက်ခဲ့ကြောင်း။

 

ရခိုင်ပြည်နယ် မြို့နယ်(၈)မြို့နယ်ရှိ အသွားအလာကန့်သတ်ထားသော ပြည်သူများအတွက် စားနပ်ရိက္ခာအဆင်ပြေ စေရန်အတွက် အစိုးရနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တို့ ညှိနှိုင်း၍ ထောက်ပံ့ဆောင်ရွက်ပေးနေကြောင်း၊ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ နှင့် ပတ်သက်သည့်လုပ်ငန်းများ ဆောင်ရွက်နေသလို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးအပ်နေကြောင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စိတ်လူမှုဆိုင်ရာ အထောက်အပံ့ပေးခြင်း၊ ကျား/မ အခြေပြု အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဖြေရှင်းပေးနိုင်ရန်  ၂၄ နာရီ တယ်လီဖုန်းဝန်ဆောင်မှုဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် လူမှုကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့်ချိတ်ဆက်၍ နေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်းများနှင့် တိုက်ပွဲရှောင်စခန်း များတွင်နေထိုင်ကြ သည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အပါအဝင် ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူ များကို လူမှုကာကွယ်စောင့်ရှောက်ရေးအထောက်အပံ့ များပေးအပ်လျက်ရှိပါကြောင်း။ 

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကန့်သတ်မှုများရှိနေသော်လည်း ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးနှင့် ယာယီခိုလှုံရာ စခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ပြန်လည် နေရာချထားရေးနှင့် စခန်းပိတ်သိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နေကြောင်း၊ သက်ဆိုင်ရာ ပြည်သူများ၊ နေရပ်စွန့်ခွာသူများ၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာအဖွဲ့အစည်းများ စသဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်နေသကဲ့သို့ ပြည်တွင်း/ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ ပါဝင်ပတ်သက်သူများဖြင့်ဆွေးနွေး၍ ဒေသအလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲနိုင်ရေးကို ဆက်လက်လုပ်ဆောင်နေကြောင်း၊ ထို့အပြင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အလွန်အရေးပါသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိရာ စတုတ္ထအကြိမ်မြောက် ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးဆိုင်ရာ အခြေခံမူများ၊ ၂၀၂၀ ကာလအလွန် ရှေ့ဆက်ဆောင်ရွက်မည့် အချက်များအပေါ် သဘောတူညီမှုများ စသည့် အရေးပါသည့် တိုးတက်မှုများရရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုများစွာ ရှိသော်လည်း ဒီမိုကရေစီစနစ်ပြောင်းလဲရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ လူ့အခွင့်အရေးမြှင့်တင်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 

ထို့နောက် နိုင်ငံအလိုက်ပြောကြားချက်များအပေါ်  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဖြစ်သူ Mr. Fillipo Grandi က ပြန်လည်ဆွေးနွေးရာ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ခြင်း လုပ်ငန်းများအတွက် UNHCR မှလည်း ပါဝင်ကူညီ ဆောင်ရွက်နေပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာ သူများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရန် အစိုးရ၏ ဆောင်ရွက်ချက်များကို ကြားသိရပါကြောင်း၊ အဆိုပါ သတင်းစကားများမှာ နေရပ်စွန့်ခွာသူများအတွက် အရေးကြီးပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာ သူများ၏ အခြေအနေ တိုးတက်ကောင်းမွန်မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်စတင်နိုင်ရေးနှင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအပေါ် အကျိုးသက်ရောက်မှု ရှိကြောင်း၊ ဆက်လက်၍ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများနှင့် စပ်လျဉ်း၍ အစိုးရ၏ဆောင်ရွက်ချက်များကို နေရပ်စွန့်ခွာသူများထံ ဆက်သွယ်၍ သတင်းစကားပါးနိုင်မည့် နည်းလမ်းများရှာဖွေလုပ်ဆောင်ရန် အစိုးရကို တိုက်တွန်းကြောင်း၊ မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲကိုလည်း လွတ်လပ်၍တရားမျှတပြီး ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ရန် ဆုမွန်ကောင်း တောင်းပါကြောင်းနှင့် ရွေးကောက်ပွဲအလွန်ကာလတွင် ဒုက္ခသည်များအရေးနှင့် ပတ်သက်၍ ဆက်လက်အားစိုက်ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။  

 

အဆိုပါအစည်းအဝေးကို အောက်တိုဘာ ၉ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်