ဟားခါး ၂၀ ဖေဖော်ဝါရီ 


(၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်းတွင် ယနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

1


အဆိုပါ အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးလျန်လွယ် ၊ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လွှတ်တော် ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။ 

 

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ''ချင်းပြည်နယ်ဟာ ထူးကဲမှုတွေ ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် အောက်ချင်းငှက်နဲ့ တောင်ဇလပ်ပန်းတွေဟာ ချင်းပြည်နယ် ချင်းအမျိုးသားတွေရဲ့ သင်္ကတေတွေပဲ ဖြစ်ပါတယ်။ တောင်ဇလပ်ပန်းဟာ ရဲရဲနီနီနဲ့ သတ္တိရဲရင့်မှုကို ပြသသလို တောင်စွန်းတောင်ဖျားတွေပေါ်မှာ ဝံ့ဝံ့ ကြွားကြွားနဲ့ ပေါက်နေတာဟာလဲ အထင်ကရ တစ်ခု ဖြစ်ပါတယ်။ ဒါဟာ ဘာကို ပြလဲဆိုရင် ရဲရင့်မှု၊ သတ္တိရှိမှု၊ ဝံ့ကြွားမှု လက်ရုံးရည်ကို ပြတာဖြစ်ပါတယ်။ အောက်ချင်းငှက်ကို ကြည့်ရင်လည်း အောက်ချင်းငှက်ဟာ သစ္စာတရား ကြီးမားမှုကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒီလိုပဲ ချင်းအမျိုးသားတွေ အနေနဲ့လဲ ပြည်ထောင်စုကြီးမှာ ဥမကွဲ သိုက်မပျက် အတူတကွ လက်တွဲနေထိုင်ခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်ပါတယ်။ နယ်ချဲ့တော်လှန်ရေးမှာပဲ ဖြစ်ဖြစ်၊ ဖက်ဆစ်ဆန့်ကျင်ရေးမှာပဲ ဖြစ်ဖြစ် ချင်းအမျိုးသားတွေဟာ အခြားတိုင်းရင်းသားများနည်းတူ ကျွန်တော်တို့ တိုင်းရင်းသား အားလုံးနဲ့ လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်းခဲ့ပါတယ်'' မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

 

1


(၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ချင်းရိုးရာခေါင်ကြွဲ (Khuang Cuai) ပဘွေ့တိုင်စိုက်ထူပွဲ၊ ရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေခြင်းနှင့် ဌာနဆိုင်ရာ ပြခန်းများ ခင်းကျင်းပြသ ထားသည်ကိုလည်း တွေ့ရသည်။ 

 

1


၂၀၁၃ ခုနှစ်မှ စတင်ပြီး ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ကို ဟားခါးမြို့တွင်သုံးကြိမ်၊ မင်းတပ်မြို့တွင် တစ်ကြိမ်၊ ဖလမ်းမြို့တွင်တစ်ကြိမ် ကျင်းပခဲ့ပြီး နိုင်ငံတော်အဆင့် အကြီးအကဲများ တတ်ရောက်ခဲ့ကြသည်။

 

1


(၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ချင်းခရစ်ယာန် သဟာရ အဖွဲ့ချုပ်တို့မှ ပေးပို့သော သဝဏ်လွှာများနှင့် နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးသိန်းစိန်တို့က အကြောင်းပြန်စာများ ပေးပို့ခဲ့ကြောင်း သိရသည်။


အိမို့မို့ခိုင် 

 

1