ရန်ကုန် ဒီဇင်ဘာ ၁၀

 

(၇၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ပိုင်းက လှိုင်မြို့နယ် ပြည်လမ်းရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး၌ ကျင်းပသည်။အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကား ပြောကြားသည်။

 

ပု,55

 

ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ နှင့် ကုလ သမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်မှ ကိုယ်စားလှယ် Ms. Dawn Del Rio  တို့က နှုတ်ခွန်းဆက် စကားပြောကြား ကြသည်။

 

ယင်းနောက် မဟာမိတ်မြန်မာမှ အမှုဆောင်ချုပ် ဦးစိုးနိုင်က လူ့အခွင့်အရေး ဗီဒီယို မှတ်တမ်းတို ပြိုင်ပွဲ ကျင်းပသည့် ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍လည်းကောင်း၊ လူ့အခွင့်အရေး ဗီဒီယိုမှတ်တမ်းတိုပြိုင်ပွဲ အမှတ်ပေးဒိုင် အဖွဲ့ဝင် ဒေါ်ဆွေဇင်ထိုက်က ပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်း ပြောကြားကြသည်။

 

0195

 

ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက မဟာမိတ်မြန်မာအဖွဲ့မှ တာဝန်ရှိသူအား ဂုဏ်ပြုဆုချီးမြှင့်သည်။

 

ယင်းနောက် လူ့အခွင့်အရေးဗီဒီယိုပြိုင်ပွဲဝင် ဆုရရှိကြသူများအား တာဝန်ရှိသူများ က ဆုများအသီးသီး ပေးအပ်ချီးမြှင့်၍ ပထမဆုရ လူ့အခွင့်အရေး ဗီဒီယိုမှတ်တမ်းကို ပြန်လည်ပြသပြီး “အားလုံးအတွက် လူ့အခွင့်အရေး တေးသီချင်း သရုပ်ဖော်အကဖြင့် တင်ဆက်သည်။

 

ကမ္ဘာ့လူ့အခွင့်အရေးနေ့ ကြေညာစာတမ်းကို ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုချမှတ် ထုတ်ပြန် ကြေညာခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်တွင် ပြည်သူများ လူ့အခွင့် အရေးကို သိရှိ နားလည် စေရန်နှင့် လေးစားလိုက်နာစေရန် ကမ္ဘာတစ်ဝန်း၌ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။

 

ယခုနှစ် ကမ္ဘာ့လူ့အခွင့်အရေးနေ့ ဆောင်ပုဒ်မှာ “လူ့အခွင့်အရေး၊ လူငယ်များက ရပ်တည်ပေး (Youth Standing Up for Human Rights) ဖြစ်ပြီး လူ့အခွင့်အရေးအတွက် ရပ်တည်သည့်နေရာတွင် လူငယ်များ၏ အရေးပါမှုကဏ္ဍ အားကောင်းလာစေရန် ရည်ရွယ်ကြောင်းသိရသည်။

 

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို မြန်မာ ဘာသာပြန်ဆို ဖြန့်ချိခဲ့ပြီး တိုင်းရင်းသားများလည်း သိရှိ လေ့လာခွင့်ရရှိစေရန် ယခုဆိုလျှင် တိုင်းရင်းသားဘာသာ ၂၁ မျိုးဖြင့်   ဘာသာပြန်ဆို ဖြန့်ချိခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့   အစိုးရဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊   ကုလသမဂ္ဂအေဂျင်စီ များဖြစ်သည့်  UNICEFF ၊ UNHCR ၊ UN WOMEN ၊ UNDP ၊ UNAIDS တို့မှ တာဝန်ရှိသူ များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေးဗီဒီယို မှတ်တမ်းတို ပြိုင်ပွဲဝင် ဒါရိုက်တာများ၊ အသင်းအဖွဲ့ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။ 

 

သတင်း - မွန်းဦးနဒီ

ဓာတ်ပုံ -လှမိုး