မောင်ခိုင်မာ(အထက်မင်းလှ)

ကမ္ဘာ့မြေပုံတွင် အမိမြန်မာနိုင်ငံသည် တစ်မူထူးခြား လှပကြော့ရှင်းနေသကဲ့သို့ တိုင်းရင်းသားလူမျိုး အသီးသီး၏ ချစ်စရာ့ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုများ၊ ဝတ်စားဆင်ယင်မှုများ၊ စိတ်ရင်းစေတနာများက အလှပေါ် အယဉ်ဆင့်နေပေသည်။ အဆိုပါ တိုင်းရင်းသားမျိုးနွယ်စုကြီးများတွင် ယင်းတို့၏ အမျိုးသားနေ့၊ ပြည်နယ်နေ့ အစရှိသည်ဖြင့် နေ့ထူးနေ့မြတ်များလည်း ရှိကြပါသည်။

ချင်းတိုင်းရင်းသားချင်းတိုင်းရင်းသားတို့မှာ မွန်ဂိုလီးယားမှ ဆင်းသက်လာပြီး တိဗက်-မြန်မာအစုဝင် ဘာသာစကားကို ပြောဆိုကြသည့် တိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည်။ ပုဂံခေတ်ရှေးဟောင်းကျောက်စာများတွင် အနောက်ဘက်ဒေသ တောင်တန်းများပေါ်၌ နေထိုင်ကြသူတို့ကို “ချင်”ဟုရေးထိုးခဲ့ကြောင်း ချင်းတွင်းမြစ်ကို “ချင်တွင်” သို့မဟုတ်”ခ္လ တွင်”ဟု ရေးထိုးကြောင်း၊ ပုဂံခေတ် ကျောက်စာများအရ ထိုမြစ်တစ်လျှောက် မြောက်ဘက်အကျဆုံးဟုသိရသော ဒေသတို့မှာ ကြံတူ(အနိမ့်၊ အမြင့်)”ပင်က္လီ၁၀တိုက်” တို့ဖြစ်သော ထိုဒေသ၏ မြောက်ဘက်သို့ ထိုခေတ်က မြန်မာတို့ မရောက်ရှိသေးဟု ယူဆကြောင်း၊ မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက် စုံမရတောင်တန်းဒေသ၊ နာဂ တောင်နှင့် မဏိပူရပြည်နယ်တို့မှ တောင်ဘက်မော်တင်စွန်း ရောက်လုနီးဒေသစပ်ကြားနှင့် အရှေ့ဘက်ချင်းတွင်းမြစ်၏ လက်တက်ဖြစ်သော မြစ်သာမြစ်နှင့် အနောက်ဘက်ဘင်္ဂလား ပင်လယ်အောက် ရောက်လုနီးဒေသစပ်ကြား၊ တောင်ကုန်း၊ လျှိုမြောင်တို့သည် ချင်းလူမျိုးတို့ နေထိုင်ရာ အချက်အချာဒေသများ ဖြစ်ခဲ့ကြောင်း၊ ယခုအခါ မြန်ပြည်တစ်ဝန်း ပျံ့နှံ့နေထိုင်လာကြကြောင်း၊ ဘာသာစကားကိုလိုက်၍ “ကသည်း”ခေါ် “မေထေးအမျိုး”နှင့် “ချင်း ရိုးရိုး”ဟု အမျိုးခွဲခြားသတ်မှတ်ကြောင်း၊ ချင်းဘာသာ စကား ၄၄မျိုး ခန့်ရှိကြောင်း၊ မျိုးနွယ်စုများအနေဖြင့် Asho; Cho; Kuki; Lai; Meither; Mizo; Zomi စသည်ဖြင့်ရှိကြောင်း လေ့လာသိရှိရပါသည်။ ချင်း ပြည်နယ်သည် ပထဝီအနေအထားအရ မြောက်လတ္တီတွဒ်၂၈ ဒီဂရီ ၂၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၅ မိနစ်နှင့် ၉၄ ဒီဂရီ အတွင်း တည်ရှိပြီး ဧရိယာစတုရန်း မိုင်ပေါင်း ၁၄၀ဝ၀ ခန့်နှင့် မြောက်မှတောင်သို့ မိုင်ပေါင်း ၃၀ဝ ကျော် ရှည်လျားပါသည်။

ချင်းအမျိုးသားနေ့ မြစ်ဖျားခံရာ

၁၈၈၅ ခုနှစ် မြန်မာနိုင်ငံ သူ့ကျွန်ဘဝရောက်ရှိခဲ့သည်မှစ၍ ကိုလိုနီနယ်ချဲ့တို့၏ ဖိနှိပ်ချုပ်ချယ်မှုများကို အခြားတိုင်းရင်းသားမျိုးနွယ်များနည်းတူ ချင်းတိုင်းရင်းသား အမျိုးသားတို့လည်း ခံစားခဲ့ရပါသည်။ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန်ကိုလည်း ချင်းတိုင်းရင်းသားတို့က အသက်၊ သွေး၊ ချွေးတို့ စတေးကာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြ လေသည်။ ဤသို့လျှင် နယ်ချဲ့ဆန့်ကျင်ရေး သန္ဓေစိတ်ကိုမွေးဖွားပေးခဲ့သည်မှာ “ချင်းတောင်ညီညွတ်ရေးအဖွဲ့” စတင်ဖွဲ့စည်းလိုက်သည့် အချိန်အခါက ဖြစ်လေသည်။ ၁၉၂၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မင်းတပ်နယ်၊ နှော်ချောင်းတိုက်နယ်ရှိ လှီရုံ(ခေါ်) မသုံးနူးကျေးရွာ၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းအဖွဲ့သည် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများကို ထောက်ခံအားပေးကူညီခဲ့သည်။ တိုင်းရင်းသားတို့၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတို့ကို ထိန်းသိမ်းမြှင့်တင်သည့်  လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးသောအခါ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးနှင့် ယခင်စော်ဘွား၊ တိုက်သူကြီး အုပ်ချုပ်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးရန် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ချင်းဝိသေသတိုင်း မြောက်ပိုင်း ခရိုင်ဖြစ်သည့် ဖလမ်းမြို့တွင် အင်အား ၅၀ဝ၀ ကျော်ဖြင့်”ချင်းအမျိုးသားညီလာခံ”ကို ကျင်းပခဲ့သည်။ ထိုညီလာခံတွင် နယ်ချဲ့၏ အမွေဆိုးတစ်ခုဖြစ်သည့် “မျိုးနွယ်စုအ ကြီးအကဲများဖြစ်သော စော်ဘွား၊ တိုက်သူကြီးများ အုပ်ချုပ်သည့်စနစ်”မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းရန် ဆုံးဖြတ်နိုင်ခဲ့သည်။

[အဆိုပါ ညီလာခံမှာ လွတ်လပ်ရေးနေ့အောင်ပွအခမ်းအနားဖြစ်ကြောင်း၊ အခမ်းအနားအတွက် အစိုးရက ဘတ်ဂျက်ရူပီးငွေ ၂၁၀ဝ၀ ကို ခွဲဝေ ချထားပေးကြောင်း၊ ထိုအချိန်က ချင်းဝိသေသတိုင်း အရေးပိုင်မင်း (Deputy Commissioner) Pu R. Taung Hmung ၏ အစီရင်ခံစာ (Annual Report for 1948) အရ သိရသည်။]

ချင်းအမျိုးသားနေ့သတ်မှတ်

၁၉၅၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့တွင်ကျင်းပသော ချင်းရေးရာကောင်စီ အစည်းအဝေးတွင်”ချင်းအမျိုးသားနေ့” သတ်မှတ်ရန်အတွက် နေ့သုံးနေ့(၁)မေမြို့သို့ စုံစမ်းရေး(အင်တွာရီ)ကော်မတီ “တောင်တန်း ဒေသစုံစမ်းရေးအဖွဲ့”( The Frontier Areas Commit- tee of Enquiry) စေလွှတ်သောနေ့၊ (၂) ချိဖ်(Chief)ခေါ် တိုက်သူကြီးတို့ အုပ်ချုပ်မှုလက်အောက်မှ ဒီမိုကရေစီအုပ်ချုပ်ရေးသစ်သို့ ပြောင်းလဲခဲ့သော ဖလမ်းမြို့၌ လူထုညီလာခံကျင်းပသည့်နေ့ (၂၀.၂.၁၉၄၈)နှင့် (၃) ချင်း ရေးရာကောင်စီက ရေးဆွဲပြီး (၆)ကြိမ်မြောက် တိုင်းပြု ပြည်ပြုလွှတ်တော်(ပါလီမန်)က အတည်ပြုခဲ့သည့် “ချင်း ဝိသေသတိုင်း အက်ဥပဒေ” ပြဋ္ဌာန်းအတည်ပြုသောနေ့ (၁၂.၁၀.၁၉၄၈) များကို ကန်ပက်လက်အမတ်၊ ချင်းရေးရာဝန်ကြီးနှင့် ချင်းရေးရာကောင်စီ ဥက္ကဋ္ဌဖြစ်သူ ဦးဝမ္မသူးမောင်က အဆိုတင်သည်။ တီးတိန်နယ်အမတ်ကပ္ပတိန် မန်သုန်းနုန်းက အဆိုရှင်တင်သွင်းသည့် နေ့သုံး နေ့အနက် အုပ်ချုပ်ရေးမှူးဟောင်းမှ ဒီမိုကရေစီမူသစ်အုပ်ချုပ်ရေးကို ပြောင်းလဲနိုင်ခဲ့သည့် ဖလမ်းမြို့ ချင်းလူထုညီလာခံကျင်းပရာနေ့ဖြစ်သော ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီကို ချင်းအမျိုးသားနေ့အဖြစ် ပြဋ္ဌာန်းသတ်မှတ်ရန် အကောင်းဆုံး၊ အသင့်တော်ဆုံးဖြစ်ကြောင်း ထောက်ခံတင်ပြခဲ့ပါသည်။ ထိုထောက်ခံချက် အဆိုကို “ကောင်စီ”က သဘောတူ၊ မတူအား သဘာပတိ “ဦးလျင်ထုမ်း”က မေးမြန်းရာ အမတ်အားလုံး က သဘောတူသဖြင့်” ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီကို “ချင်းအမျိုးသားနေ့” ဟူ၍ ချင်းရေးရာကောင်စီက ရွေးချယ်သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်

ချင်းတိုင်းရင်းသားတို့၏ ပြည်ထောင်စုစိတ်ဓာတ် အစဉ်အလာ

ချင်းတိုင်းရင်းသားတို့သည် ပြည်ထောင်စုစိတ်ဓာတ် ရင့်ကျက်ခိုင်မာသူများ ဖြစ်ကြောင်းကို ၁၉၄၇ ခုနှစ် ပင်လုံညီလာခံနှင့် ၁၉၄၇ ခုနှစ် ချင်း - ဗမာချစ်ကြည်ရေး အစည်းအဝေးများက ဖော်ပြနေပါသည်။ ပင်လုံညီလာခံသို့ ချင်းတိုင်းရင်းသား ကိုယ်စားလှယ်များသည် ၆.၂.၁၉၄၇ ရက်မှ ရောက်လာကြပြီး ရှမ်းနှင့် ကချင် ကိုယ်စားလှယ်များ၏ ဆွေးနွေးသဘောတူညီမှု ငါးချက်တွင် ၎င်းတို့က သုံးချက်ထပ်ဆောင်းကာ ဦးလှူရ်မှုန် (ဖလမ်း)၊ ဦးထောင်ဇာခုပ်(တီးတိန်)၊ ဦးကီယိုမန်း(ဟားခါး)တို့က လက်မှတ်ရေးထိုး သဘောတူခဲ့ကြသည်။ ၉-၂-၁၉၄၇ ရက်တွင်ထုတ်ပြန်သော တောင်တန်းသားများ ညီညွတ်ရေးကောင်စီ၏ သဘောထား တောင်းဆိုချက်များတွင်လည်း ပါဝင်သဘောတူခဲ့သည်။ ဗိုလ်ချုပ်နှင့်လည်း သဘောတူကြသည်။ ထို့နောက်မှ ၁၀.၂.၁၉၄၇ ပင်လုံစာချုပ်မူကြမ်းကို ရေးဆွဲခဲ့ခြင်းဖြစ်သည်

ကိုလိုနီခေတ်တွင် ဗြိတိသျှအရာရှိများဖြစ်သည့်ကာနယ်ဘန်း (Col. Burnn)၊ မေဂျာမိုး (Major Moore)နှင့် စတီဗင်ဆင်တို့သည် ချင်းနှင့် ဗမာကို သွေးခွဲခဲ့သူများဖြစ်သည်။ သို့သော် ပြည်ထောင်စုစိတ်ဓာတ် ရင့်မာသော ချင်းတိုင်းရင်းသားတို့က ၁၉၃၃ ခုနှစ်တွင် ဦးဝမ္မသူးမောင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် “ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့”ကို ဖွဲ့စည်းကာ ထိုအဖွဲ့၏ ၁၉၃၈ ခုနှစ်တွင် ကျင်းပသော ဒုတိယအကြိမ် နယ်လုံးကျွတ် အစည်းအဝေးကြီးက (၁) လွတ်လပ်ရေး အတွက် ပထမအဆင့်အနေဖြင့် ချင်းတောင်တန်းနယ်ကို ပြည်မနှင့်အတူ  ၉၁ ဌာနအုပ်ချုပ်ရေးထဲသို့ သွတ်သွင်းပေးရန်၊ (၂) ချင်းတောင်၌ အင်္ဂလိပ်အစိုးရ၏ မတရားဖိနှိပ်မှုကို ချက်ချင်းရပ်စဲရန် စသည်တို့ကို အင်္ဂလိပ်အစိုးရထံ တင်ပြတောင်းဆိုကြသည်။ ပခုက္ကူခရိုင် ထီးလင်းမြို့၌ ၁၉၄၇ ခုနှစ် မတ်လ ၃၊ ၅ ရက်နေ့များတွင် ကျင်းပသော ချင်း-ဗမာ ချစ်ကြည်ရေး အစည်းအဝေးကြီးတွင် ချင်း-ဗမာ လွတ်လပ်ရေး အဓိဋ္ဌာန်စာတမ်းကို ဖတ်ကြား၍ အဓိဋ္ဌာန်ပြုခဲ့ကြသည်။ ဦးဝမ္မသူးမောင်းက ချင်းနှင့်ဗမာ ပူးပေါင်းကာ လွတ်လပ်ရေးပန်းတိုင်သို့ ချီတက်ရန်ကိုလည်းကောင်း၊ ဟက်ကာ (ဟားခါး) ချင်းခေါင်းဆောင် “ဇဟူး” “မြန်မာ ပြည်ဆိုသည်မှာ ဗမာလူမျိုးတစ်မျိုးတည်း နေထိုင်ခြင်း မဟုတ်ကြောင်း၊ ဗမာ၊ ချင်း၊ ကချင်၊ ကရင်၊ ရှမ်း စသော တိုင်းရင်းသားအားလုံး နေထိုင်ရာဖြစ်၍ လွတ်လပ်ရေး အတွက် တိုင်းရင်းသားအားလုံး ပါဝင်ဆောင်ရွက်ကြရန်”တို့ကို ဟောပြောကြသည်။ အဆိုပါ ညီလာခံမှ “ချင်းတောင်တန်းနှင့် မြန်မာပြည်တစ်ပြိုင်တည်း လွတ်လပ်ရေး ရရှိရန်အတွက် ဖဆပလခေါင်းဆောင်မှုကို ခံယူကာ လွတ်လပ်ရေးသို့ ရောက်အောင် ဗမာများနှင့်အတူ ကြိုးပမ်းသွားရန်” စသည့် အချက်များပါဝင်သော ဆုံးဖြတ်ချက် သုံးရပ်ကို ချမှတ်နိုင်ခဲ့ပါသည်။

၁၉၄၈ ခုနှစ်က စတင်ခဲ့သော ချင်းအမျိုးသားနေ့သည်ယခုနှစ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်နှစ်ပေါင်း (၇၁) နှစ်ပြည့်မြောက်ပြီ ဖြစ်ပါသည်။ ဤရက်မြတ် အခါသမယဝယ် ချင်းတိုင်းရင်းသားတို့သည် ကိုယ်ပိုင်ရိုးရာ ဓလေ့ထုံးစံယဉ်ကျေးမှုတို့ကို ပိုင်ဆိုင်ပြီး ပြည်ထောင်စုစိတ်ဓာတ် ရင့်ကျက်ခိုင်မာသူများ ဖြစ်ပါကြောင်းနှင့် ချင်းအမျိုးသားနေ့ကို နှစ်စဉ်မပျက် အနှစ်သာရရှိရှိ ကျင်းပနိုင်ပါစေကြောင်း ဂုဏ်ပြုတင်ပြအပ်ပါသည်။

ကိုးကား။ (၁)၁၉၄၅ - ၁၉၄၈ မြန်မာ့နိုင်ငံရေး၊ သမိုင်း သုတေသနဦးစီးဌာန။

(၂) နေ့စဉ်ထုတ်သတင်းစာများ။