ရန်ကုန် ၄ ဇန်နဝါရီ
(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟိုဌာနချုပ်)တွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား အလေးပြုပြီး ကျဆုံးလေပြီးသော လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တစ်ကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဒီမိုကရေစီ အရေးတော်ပုံ အဆင့်ဆင့်တွင်ကျဆုံးခဲ့ကြသော ရဟန်း ရှင်လူ ကျောင်းသားပြည်သူ အပေါင်းအား ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြင့် ၈ စက္ကန့် ငြိမ်သက်ခြင်းတို့ကိုပြုလုပ်ကြသည်။
သဘာပတိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်က ``ယခုအချိန်ဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့ ကိုယ်ကျင့်တရားနဲ့စိတ်ပိုင်းဆိုင်ရာ အခြေခံကောင်းများ၊ ဖွံ့ဖြိုးသန်စွမ်းအောင် လုံးပမ်း နေတဲ့ ကာလဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ဘ၀ ရှင်သန်ငြိမ်းချမ်းစွာနေထိုင်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ပျော်ရွှင်မှုရှာဖွေခွင့်တို့ တိုးတက်ခိုင်မာလာအောင် ရုန်းကန်နေတဲ့ ကာလ လည်းဖြစ်ပါတယ်´´
``ဒါကြောင့် ကျွန်တော်တို့ဟာ လွတ်လပ်ရေးရဲ့ပုံရိပ်ကိုမြှင့်တင်စေပြီး လွတ်လပ်ရေး ဗိသုကာ ခေါင်းဆောင်တွေရဲ့ ရည်မှန်းချက်များကို သစ္စာရှိရှိ အကောင်အထည်ဖော်နိုင်ကြဖို့အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အခြေခံတဲ့ သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကို မမှိတ်မသုန် ရုန်းကန်အားထုတ်ရင်း လွတ်လပ်ရေးနဲ့ထိုက်တန်တဲ့ လူမျိုးအဖြစ် ကြိုးပမ်းကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်´´ ဟုပြောကြားသည်။
ထို့နောက် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်သောကြေညာချက်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ဖတ်ကြားပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်မှတစ်ဆင့် ပေးပို့လာသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဝဏ်လွှာနှင့် နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များက ပေးပို့သော သဝဏ်လွှာများအား မှတ်တမ်းတင်သည်။
အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ သဘာပတိ အဖွဲ့ဝင် ဦးအုန်းကြိုင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်
