နေပြည်တော် ၂၀  စက်တင်ဘာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီး ဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော ၇၂ ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ အာဂုံပြန်ဆိုနှင့် သဘောရေးဖြေပွဲကို ၁၃၈၁ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် (စနေနေ့)မှ ၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် (ဗုဒ္ဓဟူးနေ့) အထိ (ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ) ကျင်းပမည်ဖြစ်သည်။

ဝင်ရောက်ဖြေဆိုမည့် သံဃာတော် အရှင်သူမြတ်များသည် ၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ ရက် (အောက်တိုဘာ ၃၀ ရက်) နောက်ဆုံးထား၍ ဝင်ခွင့်တောင်းခံလွှာများကို ဓာတ်ပုံ ၂ ပုံနှင့်အတူ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ စာမေးပွဲဌာနခွဲ၊ တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ရေး အဖွဲ့သို့ ပေးပို့ရန်ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုး တင်သွင်းပြီးနောက် အကြောင်းမညီညွတ်၍ ပြန်ဆို/ ဖြေဆိုရန် ပျက်ကွက်ပါက ပျက်ကွက်သည့်အကြောင်းကို ၁၃၈၁ ခုနှစ်၊ တန်ဆောင်းမုန်းလပြည့်ကျော် ၄ ရက် (နိုဝင်ဘာ ၁၅ ရက်) နောက်ဆုံးထား၍ အကြောင်းပြန်ကြားရန် ဖြစ်သည်။

စာမေးပွဲဝင်ခွင့်တောင်းခံလွှာများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူး ရုံးများသို့ ပေးပို့ထားပြီးဖြစ်၍ အဆိုပါရုံးများတွင် ထုတ်ယူနိုင်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်း ရရှိသည်။

(သတင်းစဉ်)