ငါ့သရောက် ၁၅ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုဗဟိုပြုဌာန(Community Centre)ခန်းမတွင် ၇၂ နှစ်မြောက်အာဇာနည်နေ့ အကြိုအထိမ်းအမှတ် ပုံတူပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စကားပုံဆက်၊ ပုံပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲအား ယနေ့ နံနက်ပိုင်းက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ၇၂ နှစ်မြောက် အာဇာနည်နေ့အကြို အထိမ်းအမှတ်ပွဲများအား ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပပေးခြင်းဖြစ်ကာ ငါ့သရောက်မြို့၊ ကုလားတဲ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ၊ အလယ်တန်းဆင့် ကျောင်းသားကျောင်းသူများ ပါဝင် ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲမစတင်မီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးက ပြိုင်ပွဲဝင် စည်းကမ်းချက်များအား ပြောကြားကာ ပြိုင်ပွဲအား ကျင်းပပေးခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ ၆၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား ဆုများပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးက ပြောပြသည်။
ဆက်လက်၍ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မြေစိုက်နံရံကပ်ဘုတ်ပြပွဲနှင့် နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


