ပေါင် ၁၁ ဖေဖော်ဝါရီ
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သထုံခရိုင် ပေါင်မြို့နယ်တွင် စာဖတ်စွမ်းရည်၊ ဆေးရောင်ခြယ်၊ ဘောလုံးမှုတ်ပြိုင်ပွဲများကို ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီက အ.မ.က-ကျွဲခြံ(မွန်စု)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမင်းသန်းက ကျောင်းသား/ ကျောင်းသူများအား ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို လည်းကောင်း၊ စာအုပ်စာစောင်များနှင့် ရင်းနှီးပြီး စာဖတ်ချင်စိတ်များ ပိုမိုရရှိလာစေရန်နှင့် ကလေးသူငယ်များ အနုပညာကို ခံစားသိရှိပြီး ဆန်းသစ်သော ကိုယ်ပိုင်တီထွင် ဖန်းတီမှု၊ မိမိကိုယ်ကိုယုံကြည်မှု အားရုံစူးစိုက်မှုကောင်းစေရန်အတွက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းကြောင်း ပြောသည်။
ဆက်လက်၍ အ.မ.က-ကျွဲခြံ (မွန်စု) ကျောင်းမှ ကျောင်းသားကျောင်းသူများတို့က အတန်းအလိုက်ဖြင့် ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုချီးမြှင့်ပေးခဲ့ကြပြီးနောက် ခင်းကျင်းပြသထားသော နိုင်ငံတော်အစိုးရ အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သိမှတ်ဖွယ်ရာများ၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများ၊ လူကုန်ကူးမှုအကြောင်း သိမှတ်ဖွယ်ရာများတို့ကို ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမတို့က ကြည့်ရှုလေ့လာခဲ့ကြသည်။
ကိုဟိန်း(ပေါင်)
