[၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁ ရက် (၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၀ ရက်) တနင်္လာနေ့)

(၇၂) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် တိပိဋကဓရ တိပိဋကကောဝိဒ၊ မူလအာဘိဓမ္မိက၊ ဒီဃနိကာယကောဝိဒ စသည် ခန်းခန်းအောင်ပွင့်ပန်းကို လန်းဆန်းကြည်ရွှင်ပန်ဆင်ကြသည့် သာသနာ့အာဇာနည်အရှင်မြတ် (၁၀၆) ပါးတို့နှင့်တကွ သာသနာ့ဒါယကာ နိုင်ငံတော်အစိုးရအမှူးပြုသည့် ဥပါသကာ ဥပါသိကာမအပေါင်း သူတော်ကောင်းတို့အား နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ကိုယ်စား စိတ်ထားရွှင်လန်း ဝမ်းမြောက်ဖွယ်ရာ ရှည်ကြာကာလ အမှတ်ရဖွယ် အောက်မေ့ဖွယ်ရာဖြစ်သော သမ္မာဒနီယ သာရဏီယဩဝါဒစကား မြွက်ကြားလိုပါသည်ဘုရား။

လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ဆရာဖြစ်သော မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်စ အဋ္ဌမ သတ္တာဟဝယ် ဥရုဝေလတော အဇပါလညောင်ပင်ရင်း၌ မျှညီရွှင်ပြုံး သီတင်းသုံးတော်မူစဉ် စရိုက် ညံ့ဖျင်း မာရ်နတ်မင်းသည် “ပရိနိဗ္ဗာတု ဒါနိ ဘန္တေ ဘဂဝါ” အစဖြာလျက် ဝိနာယကထိပ်တင် မြတ်စွာဘုရားရှင်ကို ပရိနိဗ္ဗာန်စံတော်မူရန် စကားလျှောက်ထားခဲ့ရာ မြတ်စွာဘုရားက -

“န တာဝါဟံ ပါပိမ ပရိနိဗ္ဗာယိဿာမိ ယာဝ မေ ဘိက္ခူ န သာဝကာ ဘဝိဿန္တိ ဝိယတ္တာ ဝိနီတာ” အစဖြာလျက် “ယုတ်မာစွာလတ် ဟယ်မာရ်နတ် ငါဘုရား၏ တပည့်ဖြစ်ကြသော ရဟန်း တို့သည် အထူးထူးသောအရာတို့၌ လိမ္မာမှုမရှိကြသေးသမျှ၊ ဆုံးမအပ်ပြီးသည် မဖြစ်ကြသေးသမျှ ရဲဝံ့ခြင်းမရှိသေးသမျှ ပိဋကသုံးပုံ ဟူသော ဘုရားစကားတော်ကို များစွာမသင်ကြား မနာကြားအပ် သေးသမျှ ပိဋက သုံးပုံ ဟူသော တရားတော်ကို မဆောင်နိုင်သေးသမျှ၊ လောကုတ္တရာ တရားကိုးပါး အားလျော်သောအကျင့်ကို မကျင့်နိုင်သေးသမျှ၊ ဝိပဿနာ ဝိသုဒ္ဓိအကျင့်အားလျော်သော တရားများကို မကျင့်နိုင်သေးသမျှ၊ မိမိဆရာ(မြတ်စွာဘုရား)၏ ဝါဒကို သင်ကြား၍ မဟောပြ၊ မပို့ချ၊ မသင်ပြ နိုင်သေးသမျှ၊ မဝေဖန်နိုင် ပေါ်လွင်ထင်ရှားအောင် မပြုလုပ်နိုင်သေးသမျှ ဖြစ်ပေါ်လာသည့် သူတစ်ပါး အယူဝါဒကို အကြောင်းနှင့်တကွသော စကားဖြင့် နှိမ်နင်းသည်မည်လောက်အောင် နှိမ်နင်း၍ မဟောပြနိုင်သေးသမျှ ငါဘုရား ပရိနိဗ္ဗာန်မစံသေး” ဟု သုတ္တန္တပိဋက မဟာဝဂ္ဂပါဠိ မဟာပရိနိဗ္ဗာနသုတ် စာမျက်နှာ(၉၄)၌ ဟောကြားတော်မူခဲ့ပါသည်။

ယင်းဒေသနာတော်အရ မြတ်စွာဘုရားသည် သာသနာတော်တွင် ပိဋကကျမ်းဂန်များကို သင်အံကျက်ဆောင်၍ ပရိသတ်အတွင်း ကြောက်ရွံ့ခြင်းကင်းကာ ရဲဝံ့စွာဖြင့် သင်ကြားပို့ချဟောပြနိုင်ပြီး သာသနာတွင်း ပေါ်ပေါက်ဖြစ်ရှိလာသော သူတစ်ပါး၏ အယူဝါဒများကိုလည်း သုတ်သင်ပယ်ရှင်း နှိမ်နင်းနိုင်သော အရည်အချင်းပြည့် ရဟန်းတော်များ ထင်ရှားဖြစ်ပေါ်လာမှသာ သာသနာ တော်အရှည်ခံ့၍ တည်တံ့မည်ဖြစ်ပါသည်ဘုရား။

(၇၂)ကြိမ်မြောက် ကျင်းပခဲ့သည့် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် အောင်မြင်တော်မူကြသည့် အရှင်မြတ်တို့အနေဖြင့် မူ၊ ငယ်၊ လတ်၊ ကြီး၊ ဓမ္မာစရိယတန်း စသည်တို့တွင် မြတ်စွာဘုရားရှင်ဟောကြားသည့် ပိဋကတ်ကျမ်းစာများကို အခြေခံအနေဖြင့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတို့မှ တစ်စိတ်တစ်ဒေသ သင့်လျော်ရာခွဲခြားသတ်မှတ် ပြဋ္ဌာန်းထားသည့်အတိုင်း လေ့လာသင်ယူခဲ့ရသည့်အပြင် ဤတိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးမှာ ပိဋကသုံးပုံ လုံးကိုလည်းကောင်း နှစ်ပုံခွဲ၊ နှစ်ပုံ စသည်တို့ကို ကျက်မှတ်ပြန်ဆို အောင်မြင်တော်မူကြရာမှာ မြတ်စွာဘုရားရှင်လိုလားတော်မူသည့် အရည်အချင်း ပြည့်ဝသော ရဟန်းတော်များတွင် တစ်စိတ်တစ်ဒေသ ပါဝင်လျက်ရှိခြင်းကြောင့် အရှင်မြတ်တို့၏ အောင်မြင်မှုစွမ်းရည်ကို နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့နှင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့က ဝမ်းမြောက်နုမော်သာဓုခေါ်လျက်ရှိကြပါသည် ဘုရား။

အရှင်မြတ်တို့အနေဖြင့်လည်း “ငါတို့သည် မြတ်စွာဘုရား လိုလားတော်မူသည့် ဗဟုသုတ ဓမ္မဓရ ပုဂ္ဂိုလ်အမျိုးအစားတွင် တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်လျက်ရှိကြပြီ”ဟု နှလုံးသွင်းကာ ဝမ်းမြောက်ဝမ်းသာဖြစ်ကြရမည် ဖြစ်ပါသည်ဘုရား။ မြတ်စွာဘုရားရှင်၏ အဆုံးအမသာသနာတော်တွင် ဗဟုသုတ ဓမ္မဓရပုဂ္ဂိုလ် သက်သက်မျှသာ ဖြစ်စေလိုသည်မဟုတ်ဘဲ ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ် စစ်စစ်အဖြစ် ရောက်ရှိအောင် ကျင့်ဆောင်ကျိုးကုတ် အားထုတ်ကြစေလိုသော ဆန္ဒတော်ရှိသည်ကိုလည်း မာရ်နတ်အား မိန့်ကြားတော်မူသောစကားအရပင် သိရှိနိုင်ပါသည်ဘုရား။

ထို့ကြောင့် အရှင်မြတ်တို့သည် မြတ်စွာဘုရား လိုလားအပ်သော ပုဂ္ဂိုလ်အမျိုးအစားတွင် တစ်စိတ်တစ်ဒေသလောက်သော ဓမ္မဓရအရည်အချင်းမျှလောက်ဖြင့် ပါဝင်ရသောပုဂ္ဂိုလ်အဖြစ်သာ ရပ်တန့်မနေကြဘဲ မိမိတို့သင်ကြားတတ်မြောက်ပြီးသော ပရိယတ်ထဲတွင်ပါရှိသည့် ကိုယ်ကျင့်သီလ သိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာတို့ကို အရှင်မြတ်တို့ ခန္ဓာကိုယ်ဝယ် ပဋိပတ်အဖြစ်ဖြင့် ရောက်ရှိလာအောင် ကျင့်ဆောင်ကျိုးကုတ် အားထုတ်တော်မူကြခြင်းဖြင့် မြတ်စွာဘုရားရှင် လိုလားအပ်သော ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်အဖြစ် အပြည့်အစုံပါဝင်ကြစေလိုပါသည်ဘုရား။ ထိုကဲ့သို့ ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ်အဖြစ် ရပ်တည်မှသာ အရှင်မြတ်တို့ သင်ယူတတ်မြောက်ပြီးသော ပရိယတ်သည်လည်း မွန်မြတ်လှသော နိဿရဏတ္ထ ပရိယတ္တိဖြစ်ရှိကာ သာသနာတော်သို့ ဝင်ရောက်ကြသော အမျိုးကောင်းသား ရဟန်းတော်မြတ်တို့၏ ရည်ရွယ်ချက်ဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ဟူသော အမြတ်ဆုံး အကျိုးကို ရရှိသုံး ဆောင်ခံစားကြရမည်ဖြစ်ပါသည်ဘုရား။

နိုင်ငံတော်အစိုးရ အမှူးပြုသော ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့ကလည်း ပရိယတ္တိဘက်မှာရော ပဋိပတ္တိဘက်မှာပါ လေးဖြာပစ္စယ ပြည့်ဝစေရန်၊ ပြည့်လျှံသောစေတနာ သဒ္ဓါတရားတို့ဖြင့် လေးစားကော်ရော် ပူဇော်လှူဒါန်းလျက် အထက်တန်းကျသော သာသနာပြု ကုသိုလ်မှုများ ပွားများအားထုတ်ပြုလုပ်နေကြသည်ကို အရှင်မြတ်များလည်း တွေ့မြင်သိရှိနေကြပြီး ဖြစ်ပါသည်ဘုရား။

သာသနာတော်မြတ်ကြီး အရှည်ခံ၍ တည်တံ့အောင် ဆောင်ရွက်ရာတွင် သာသနာ့ဝန်ထမ်း ရဟန်းတော်အရှင်မြတ်တို့က ပစ္စည်းလေးပါး မရှားပါးဘဲ အခက်အခဲမရှိ ပြည့်ဝမျှတတော်မူနိုင်ကြစေရန် ဒါယကာ ဒါယိကာမများအား မှီခိုရသကဲ့သို့ ဒါယကာ ဒါယိကာမတို့ကလည်း တရားဓမ္မ ဗဟုသုတ ရရှိကြရန်နှင့် မွန်မြတ်သော ကုသိုလ်တရားရရှိကြရန် သံဃာတော်အရှင်မြတ်များကို မှီခိုကြရပေသည်။ ဤကဲ့သို့ ဆရာဒကာ အချင်းချင်း မှီခိုကြလျက် ဆောင်ရွက်ကြမှသာ သာသနာတော်ကြီးသည်လည်း ရှည်ကြာခိုင်ခံ့ တည်တံ့ခိုင်မြဲမည့်အပြင် ဒုက္ခကင်းစင် နိဗ္ဗာန်ခွင်သို့ ဝင်စံရကြောင်း အားကောင်းသော ဥပနိဿယဖြစ်ကြသောကြောင့် -

သာဂါရာ အနာဂါရာ စ၊ ဥဘော အညောည နိဿိတာ၊

အာရာဓယန္တု သဒ္ဓမ္မံ၊ ယောဂက္ခေမ မနုတ္တရံ။

သာဂါရာစ၊ အိမ်ရာတည်ထောင် လူ့ဘောင်နေသူ ဒါယကာဒါယိကာမအပေါင်းတို့သည် လည်းကောင်း။ အနာဂါရာစ၊ အိမ်ရာမထောင် ရဟန်းဘောင်နေသူ ရဟန်းတော် ဟူသမျှတို့သည် လည်းကောင်း။ ဥဘော၊ ရဟန်းနှင့် လူ နှစ်ဦးသော သူတို့သည်။ အညာညနိဿိတာ၊ ကျွန်းကိုကိုင်းမှီ ကိုင်းကျွန်းမှီသို့ အညီလက်တွဲ အမှီသဟဲရှိကြကုန်သည်ဖြစ်၍။ ယောဂက္ခေမံ၊ ယောဂလေးတန် ကုန်ရာမှန်သော။ အနုတ္တရံ၊ မိမိထက်လွန် မွန်မြတ်သော သဘောမရှိသော။ သဒ္ဓမ္မံ၊ သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးကို။ အာရာဓယန္တ၊ နိဗ္ဗာန်တိုင်ပေါက် ခရီးရောက်လျက် ပြီးမြောက်အောင် မသွေရွက်ဆောင်နိုင်ကြပါစေကုန်သတည်းဟု ပတ္ထနာအာသီသ ခွန်းချိုဟလျက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကိုယ်စား မိန့်ကြားအပ်သော သမ္မာဒနီယ သာရဏီယ ကထာအစဉ်ကို နိဂုံး ကမ္ပတ် အဆုံးသတ်အပ်ပါသတည်း။

ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ

(အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)

ဥက္ကဋ္ဌဆရာတော်