ရန်ကုန် ၁၉  ဇူလိုင်

(၇၂)နှစ်မြောက် အာဇာနည်နေ့ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက်၁၀နာရီက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟို ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်)နှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ ၎င်းတို့၏ ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ NGO အဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

mdn

 

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ပဓာန နာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော် မူသည့် ပရိတ်တရားတော်များကို နာယူကြကာ ဆရာတော် သံဃာတော်များအား သင်္ကန်းအစရှိသည့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

သတင်းစဉ်