၁၇ ဇူလိုင်
ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ယခုဆိုလျှင် (၇၂)နှစ်တိုင်ခဲ့ချေပြီ။ အာဇာနည်ခေါင်းဆောင်ကြီးများ ကွယ်လွန်စက ဆရာကြီးသခင်ကိုယ်တော်မှိုင်းက “သုသာန်တံခွန်စောင်းရရှာတဲ့၊ ရုပ်အကျန် ခုနစ်လောင်းရယ်နှင့်၊ အလွန်ကောင်းစွာ ကမ္ဘာတည်မည့်၊ အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်၊ ပါရမီအဓိဋ္ဌာန်တစ်မျိုးရယ်နှင့် ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့။ သြော်တောင်နန်းမြောက်နန်းအဆောင်ကြငှန်းနဲ့၊ အခေါင်မမြန်းရခင်က၊ အောင်ပန်းညို့ရရှာတဲ့၊ အောင်ဆန်းတို့ သေပုံနှမြော” စသည်ဖြင့် “အာဇာနည်ဗိမာန်” လေးချိုးကြီးဖြင့် ရေးစပ်သီကုံးခဲ့ပါသည်။
ဆရာကြီးဇော်ဂျီက “ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ၊ ဆန်း၏ပညာ၊ ဆန်းမှာဆုံပေါင်း၊ ယောကျာ်းကောင်းတို့၊ ခေါင်းဆောင် သဘော၊ မင့်သားချောကို၊ ပြောလိုက်ပါဘိဟောပါဘိ” စသဖြင့် “ပြောလိုက်ပါဘိဟောပါဘိ” ကဗျာဖြင့် လွမ်းခဲ့၏။
ဆရာကြီးမင်းသုဝဏ်က “မသိ၍ဆို၊ မလို၍ပြော၊ သှူစိတ်မှာ အလွန်ယဉ်လို့၊ သှူညာဉ်မှာ အလွန်သန့်တယ်၊ ထူးချွန့်သဘော” စသဖြင့် “ဗိုလ်ချုပ်အောင်ဆန်း (အတိတ်နှင့်ပစ္စုပ္ပန်)” ကဗျာကို ရေးဖွဲ့ခဲ့၏။
ဆရာမကြီးနုယဉ်က “အမိမြန်မာ၊ ရတနာသား၊ ဇာနည်ဘွားဟု၊ ထင်ရှားပီပီ၊ ရှေ့သို့ချီ” စသဖြင့် “ဇာနည်ဘွား” ကဗျာဖြင့် တမ်းတခဲ့၏။
ကဗျာဆရာ ထွဏ်းနေနွယ်က “သေကာသူသွား၊ မှန်ပေငြားမင့်၊ သူကားမသေ၊ တို့ယုံနေသည်၊ တို့ပြေတို့မြေ၊ တစ်ဝန်းတည်း” စသဖြင့် “သူ” ကဗျာဖြင့် သေသူကို ရှင်သူက တခဲ့၏။
ကဗျာဆရာ တင်မိုးက “သူ၏ကိုယ်စား၊ သှူစိတ်ထားက ညွှန်ကြားလိမ့်မည်၊ ခေါင်းဆောင်မည်ဟု၊ ပြည်သူတိုင်းက၊ ယုံကြည်ကြ၏” စသဖြင့် “အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့” ကဗျာဖြင့် စပ်ဆိုခဲ့၏။
သို့ဖြစ်ပါ၍ ]”ယခုခါတွင်၊ အသင်ကွယ်ပြီ၊ ကာလရှည်လည်း၊ ပြည်သူအပေါင်း၊ သင့်အကြောင်းကို၊ ပြန်ပြောင်းပြောဆို၊ ချစ်ကြည်ညိုလျက်၊ သင့်ကိုလွမ်းရ၊ တသသနှင့်၊ တမ်းတမဆုံးရှိသည်တကား” ဟူသည့် ကဗျာဆရာကြီး မင်းယုဝေ၏ “ဗိုလ်ချုပ်အောင်ဆန်းသ” ကဗျာသို့နှယ် ပစ္စက္ခ (၇၂)နှစ်တိုင်သော်လည်း ယခုတိုင် မမေ့နိုင်ကြသည့် ပြည်သူတို့၏ အမှတ်တရ စကားများကိုစုစည်း၍ “အများပြည်သူပြောကြား အာဇာနည်နေ့ အမှတ်တရစကား” အစီအစဉ်ကို ကောက်နုတ်တင်ပြသွားမည် ဖြစ်ပါသည်။
စာတည်း(သတင်းစဉ်)
စာကိုး - သမိန်သောင်း၏ “ဗိုလ်ချုပ်အောင်ဆန်းဘွဲ့ကဗျာများ”။


