ရန်ကုန် ၂၄ ဇွန်
(၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီတွင် ရန်ကုန်မြို့ရှိ အာဇာနည် ဗိမာန်ကွပ်ကဲရေးရုံး၌ ကျင်းပရာ (၇၂)မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ (၇၂) မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က အာဇာနည်နေ့အခမ်းအနား ကျင်းပပြုလုပ်မည့် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်၊ အတွင်းဝန်ရုံးများနှင့် ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင် ကြီးများအားရည်စူးပြီး ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားအတွက် ဆပ်ကော်မတီ ဖွဲ့စည်းပြီး ပြင်ဆင်ဆောင်ရွက်နေသည်ကို သိရှိရကြောင်း။

အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို မမေ့သောအားဖြင့် တစ်နှစ် ထက်တစ်နှစ် ပိုမိုအနှစ်သာရပြည့်ဝအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယခင် နှစ်များက ကြုံတွေ့ရသည့် အခက်အခဲများ အဆင်မပြေမှုများကို ပြန်လည်သုံးသပ် ပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားစေလိုကြောင်း၊ အာဇာနည်ဗိမာန်တွင် ကျင်းပ မည့် အာဇာနည်နေ့ အခမ်းအနား တက်ရောက်ကြမည့် အာဇာနည် ခေါင်းဆောင်ကြီး များ၏ မိသားစုများအပါအဝင် တက်ရောက်ကြသူများကို ကြိုဆိုနေရာချထားရာတွင် လိုအပ်ချက်မရှိအောင် ဝိုင်းဝန်းပူးပေါင်းပြီး စနစ်တကျ စီမံဆောင်ရွက်သွားစေလို ကြောင်း၊ အာဇာနည်နေ့ အခမ်းအနားကျင်းပရေးဗဟိုကော်မတီနာယက ဒုတိယ သမ္မတ၏ လမ်းညွှန်ချက်အတိုင်း အတွင်းဝန်ရုံးတွင် ကျင်းပမည့် အလံတင်ခြင်း၊ အလေးပြုခြင်းအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် စနစ်တကျဖွဲ့စည်းပြီး ကြိုတင် ဇာတ်တိုက်လေ့ကျင့်သွားစေလိုကြောင်း၊ အလားတူ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အဆောက်အအုံ ကြံ့ခိုင်မှုရှိစေရန်လည်း လိုအပ်ကြောင်း၊ လုံခြုံရေးကော်မတီအနေဖြင့် အခမ်းအနားကျင်းပမည့် နေရာများ၏ လုံခြုံရေးတာဝန်များကို အပြည့်အဝဆောင်ရွက် ပေးစေလိုကြောင်း အာဇာနည်ဗိမာန် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့တွင် လုံခြုံရေးအ ထောက်အကူပစ္စည်းများကို စနစ်တကျဆောင်ရွက်သွားစေလိုကြောင်းပြောကြားသည်။
ထို့နောက် (၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လုပ်ငန်းကော်မတီ၏ ဆောင်ရွက်နေမှုများကို အသေးစိတ်ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ လုံခြုံရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကိုယ်စားတွဲဖက်အတွင်းရေးမှူး ရဲမှူးချုပ် တင်ကိုကို က လုံခြုံရေးကော်မတီ၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အသေးစိတ် ဆွေးနွေးတင်ပြသည်။
ယင်းနောက် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အာဇာနည်ဗိမာန်သို့သွားရောက်၍ အာဇာနည်ဗိမာန် မွမ်းမံပြင်ဆင်ထားရှိမှုများကိုလည်းကောင်း၊ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် နေအိမ်မွမ်းမံပြင်ဆင်နေမှု အခြေအနေများကို လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)