နေပြည်တော် ၁၅ ဇူလိုင်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှကြီးမှူး၍ (၇၂)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြို ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲကို ဇေယျာသီရိမြို့နယ်မအူတောကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မအူတောကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သက်မူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်မြစန်းရီက ကလေးငယ်များအား ယခုလိုပွဲကျင်းပပေးခြင်းဖြင့် စာဖတ်ခြင်းအလေ့အထနှင့် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးတိုး တက်စေပြီး လူအများကြားတွင် ပြောရဲဆိုရဲဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပေးရခြင်းဖြစ်ကြောင်းပြော ကြားခဲ့သည်။
ဆက်လက်၍ မအူတောကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ လေးများက အာဇာနည်နေ့တို့မမေ့နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ ခေါင်းစဉ်များဖြင့်ဖတ်မှတ်စွမ်းရည် ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင်ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူ လေးများအား ပြန်/ဆက်ဦးစီးမှူး ဒေါ်မြစန်းရီ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သက်မူ နှင့်တာဝန်ရှိ ဆရာ၊ ဆရာမများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များအား စိတ်ဝင်တစားကြည့်ရှုခဲ့သည်။ အခမ်းအနားသို့ ပြန်/ဆက်ဦးစီးမှူး ဒေါ်မြစန်းရီ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သက်မူနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


