ဟားခါး  ၂၉  ဒီဇင်ဘာ

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်မည့် (၇၂)နှစ်မြောက် ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ အခမ်းအနားကို ထန်တလန်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ချင်းအမျိုးသားနေ့ အခမ်းအနားကို ချင်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်စေရေးအတွက် ရည်ရွယ်လျက် ဓလေ့ထုံးတမ်း စဉ်လာများနှင့်အညီ နှစ်စဉ်ကျင်းပ လျက်ရှိရာ အစိုးရသစ်လက်ထက်တွင် ၂၀၁၇ ခုနှစ် (၆၉)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဖလမ်းမြို့၌ လည်းကောင်း၊ ၂၀၁၈ ခုနှစ် နှစ်(၇၀)ပြည့်နှင့် ၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဟားခါးမြို့၌ လည်းကောင်း ကျင်းပခဲ့ပြီးဖြစ်ကာ ၂၀၂၀ ပြည့်နှစ် ထန်တလန်မြို့၌ ကျင်းပမည့် ချင်းအမျိုးသားနေ့သည် အစိုးရသစ်လက်ထက်တွင် စတုတ္ထအကြိမ်မြောက်ကျင်းပမည့် အခမ်းအနားဖြစ်ကြောင်း သိရသည်။

(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ရှေးအစဉ်အဆက် နေထိုင်လာခဲ့ကြသော ချင်းလူမျိုးတို့၏ အဆင့်ဆင့်ပြောင်းလဲလာခဲ့သည့် လူနေမှုဘဝ၊ ရိုးရာဝတ်စားဆင်ယင်မှုများကို ပြည်နယ်အဆင့် ဌာနဆိုင်ရာအသီးသီးက ပြခန်းများ ခင်းကျင်းပြသခြင်း၊ ချင်းတိုင်းရင်းသား မျိုးနွယ်စုများ၏ မတူညီသော ရိုးရာယဉ်ကျေးမှု အကပဒေသာများ၊ ရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲများ၊ ရိုးရာ တေးသရုပ်ဖော် အကများဖြင့် ကျင်းပသွားမည် ဖြစ်သည်။

ထို့ပြင် ညပိုင်းတွင် စင်တင်တေးဂီတအဖွဲ့များမှ ခေတ်ပေါ်တေးသီချင်း သီဆိုဖျော်ဖြေတင်ဆက်မှုများ၊ ရိုးရာ စားသောက်ဆိုင်များ၊ ရိုးရာအဝတ်အထည်ဆိုင်များ၊ ရိုးရာနပန်းပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများဖြင့် ထည့်သွင်း စီစဉ်ထားရှိပြီး ချင်းအမျိုးသားများ၏ သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်သည့် ချင်းအမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)