မြို့သစ် ၆ ဇန်နဝါရီ
မကွေးခရိုင်၊ မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်၏ဖွံ့ဖြိုးတိုးတက်မှုဓာတ်ပုံပြပွဲနှင့် အားကစား ပြိုင်ပွဲများကို မြို့နယ်ပြည်သူ့ အားကစားကွင်းအတွင်း ဇန်နဝါရီ ၄ ရက်၊ နံနက် ၈ နာရီက စတင်ကျင်းပ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ၂၀၂၀ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု ဓာတ်ပုံပြပွဲနှင့် အားကစားပြိုင်ပွဲ ဖွင့်ပွဲဆိုင်းဘုတ်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် ဘက်စုံထူးချွန်ဆုရရှိသည့် ကျောင်းသူတစ်ဉီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ အထက(၁)၊ အထက(၂)၊ မကြီးချိ၊ မြို့မအလက၊ မြို့လုလင်အထကနှင့် ရွှေပန်းကျေးရွာ အလက ကျောင်းများရှိ ကျောင်းသူလေးများက အကအလှလေးများဖြင့် ပုံဖော်ကပြဖျော်ဖြေခဲ့ပြီး၊ အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ထုပ်ဆီးတိုးပြိုင်ပွဲများ၊ လွန်ဆွဲပြိုင်ပွဲ၊ ခေါင်းအုံးရိုက်နှင့် ချောတိုင်တက်ပြိုင်ပွဲများကို ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
ထို့နောက် နေ့လယ်ပိုင်းတွင် ပြိုင်ပွဲအသီးသီးအလိုက် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား ဌာနတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်(မြို့သစ်)