နေပြည်တော် ၄ ဇန်နဝါရီ
၂၀၂ဝပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် တနိုင်း၊ မြစ်ကြီးနားနှင့် ဗန်းမော်မြို့တွင် လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့တွင် လည်းကောင်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မောင်တောနှင့် စစ်တွေမြို့တို့တွင် လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်တွင် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့များတွင်လည်း ကျင်းပခဲ့သည်။
၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် ၄ နာရီ မိနစ် ၂၀တွင် ကျင်းပရာ အလံတင်တပ်စုများက နိုင်ငံတော်အလံကို တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အခမ်းအနားကျင်းပရာ နေရာများတွင် လွှင့်တင်ခဲ့ကြသည်။
ယင်းနောက် နံနက် ၇ နာရီတွင် ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံကို အလေးပြုခဲ့ပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအားလည်း အလေးပြုခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးက ဖတ်ကြားခဲ့ကြသည်။
MDN