လွတ်လပ်ပြီဆိုရုံမျှဖြင့် ကျေနပ်မနေသင့်ဘဲ လွတ်လပ်ရေးနှင့်ထိုက်တန်အောင် ကြိုးပမ်းအားထုတ်ကြပါစို့
 

အညတြ

ဆောင်းရာသီကာလလည်းဖြစ်၊ အေးချမ်းလှသည့် ဒီဇင်ဘာနံနက်ခင်းလည်းဖြစ်၍ နံနက်စောစော ဝေလီ ဝေလင်းအချိန်တွင် ကျွန်တော်၏ မိသားစုနှင့်အတူ မြို့ပတ် လမ်းလျှောက်ထွက်ဖြစ်သည်။ နံနက်စောစော ဝေလီဝေလင်း ဖြစ်၍ လမ်းသွားလမ်းလာ လူသွားလူလာလည်းရှင်း၊ ယာဉ်သွားယာဉ်လာလည်း မများသေးသောအချိန်အခါ ဖြစ်၍ စိတ်ချမ်းမြေ့ဖွယ်ကောင်းသော နံနက်ခင်းလေးဟု ဆိုချင်ပါသည်။

 

လွတ်လပ်ခြင်း၊ ပျော်ရွှင်ခြင်းအရသာတဖြည်းဖြည်းဆိတ်သုဉ်း

လွတ်လပ်ခြင်း၏အရသာကို ကျွန်တော်တို့မိသားစု အပြည့်အဝခံစားရင်း တစ်နံနက်ခင်းစာ ကျေနပ်ခြင်းများ ဖြင့် လမ်းလျှောက်ထွက်ကြသည်မှာ ကြာပြီဖြစ်သည်။

နေ့စဉ် နံနက် ၆ နာရီမှစ၍ အချိန်ကာလ တစ်နာရီ စာမျှ ကျန်းမာရေးကိုဦးစားပေးပြီး မိသားစုလမ်းလျှောက် ထွက်ကြရာ၌ ရောင်နီသန်းလာသည်နှင့် လမ်းမများပေါ် တွင် ယာဉ်သွားယာဉ်လာများ၊ လူသွားလူလာများ တစ်စတစ်စနှင့် များပြားလာသည်။ လူသွားလူလာများလာ သည်နှင့်အတူ ဈေးရောင်း၊ ဈေးဝယ်သူများလည်း တိုး၍တိုး၍ လာသည်။ ထိုအခါ အစောပိုင်း နံနက်ခင်း စိတ်ချမ်းမြေ့ဖွယ် အခင်းအကျင်းများ တစ်စတစ်စနှင့် နေလာနှင်းပျောက်သကဲ့သို့ ပျောက်ကွယ်သွားတော့သည်။ လွတ်လပ်ခြင်း၊ ပျော်ရွှင်ခြင်းအရသာသည်လည်း တဖြည်းဖြည်း ဆိတ်သုဉ်းသွားသည်။

 

နေ့စဉ်လူမှုဘဝ သံသရာဖြစ်

လမ်းလျှောက်ခြင်း အစီအစဉ်မှာလည်း ပြီးဆုံးလု ပြီဖြစ်၍ လူတိုး၊ ကားရှောင်၊ ဈေးရောင်း ဈေးဝယ်တို့ကို ကျော်လွှားကာ နေအိမ်ဂေဟာဆီသို့ ခပ်သုတ်သုတ် ထွက်ခွာရတော့သည်။ မိမိတို့နေအိမ်ဂေဟာသည် လူစည်ကားသော မြို့လယ်နေရာတွင်ဖြစ်၍ ဈေးရောင်း သူတို့၏ ပလက်ဖောင်းပေါ်၊ လမ်းဥပစာပေါ်မှ နေရာယူ ထားမှုများ၊ ဈေးဝယ်သူ၏ တိုးဝှေ့ဝယ်ယူမှုများ၊ မော်တော် ယာဉ်လိုင်းအမျိုးမျိုးတို့၏ လုယက်မောင်းနှင်မှုများ၊ ကိုယ်ပိုင်ယာဉ် သူဖယ်ငါဦး နေရာဦးမှုများ၊ ခရီးသွားလာ သူများ၏ ကသုတ်ကရက်သွားလာမှုများနှင့် နိစ္စဓူဝ ကြုံတွေ့နေကြရသည်မှာ အဆန်းတော့မဟုတ်ပေ။ ပြည်သူလူထု၏ နေ့စဉ်လူမှုဘဝ သံသရာ ဖြစ်သည်။

 

လွတ်လပ်ခြင်းဟူသည့် အခွင့်အရေးများ

သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် နံနက် မိုးလင်း သည်နှင့် ရုန်းကန်လှုပ်ရှားနေကြရသည်မှာ ပြည်သူ လူထု၏ ဓမ္မတာဖြစ်၍ အားလုံးက ကိုယ်ချင်းစာနာ နားလည်နိုင်ကြပါသည်။ မြန်မာပြည်သားတို့အနေဖြင့် လူမှုဘဝနယ်ပယ်တွင် ကျင်လည်လှုပ်ရှားကြရာ၌ ဆိုင်ရာဆိုင်ရာ ကိုယ်စီကိုယ်စီ လွတ်လပ်ခွင့်များ ရရှိနေ ကြပါသည်။ လွတ်လပ်သောမြန်မာပြည်သည် ဤသို့ပင် ဖြစ်ပါသည်။ များထိုလူတို့ မြို့တော်တစ်ခွင်တွင် ဤသို့ ဤပုံ လွတ်လွတ်လပ်လပ် ရှင်သန်လှုပ်ရှားခွင့်များ ရရှိနေကြသည်ကို နားလည်ကြသော်လည်း လွတ်လပ် ခြင်းဟူသည့် အခွင့်အရေးများ ပိုနေသည်ဟု ဆိုချင်ပါသည်။

 

ဗိုလ်ချုပ် ရှင်းရှင်းလင်းလင်းပြောကြား

အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးမရမီ အကြိုကာလက ပြောကြားခဲ့သည့် လွတ်လပ်ပြီဆိုပြီး လမ်းပေါ်တက် ဆေးရိုးလှန်းသူများ ဥပမာကို ပြန်ပြောင်း သတိရမိပါသည်။ မလွတ်လပ်သေးသောကာလတွင် လွတ်လပ်ခြင်း၏ အဓိပ္ပာယ်၊ လွတ်လပ်ခြင်း၏ တန်ဖိုး၊ လွတ်လပ်သောနိုင်ငံသားတို့၏ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဗိုလ်ချုပ်က ရှင်းရှင်းလင်းလင်း ပြောကြား ခဲ့ပြီးဖြစ်သည်။ လွတ်လပ်ပြီဆိုပြီး အများပြည်သူပိုင်သည့် လမ်းပေါ်တွင် လွတ်လွတ်လပ်လပ် လုပ်ချင်ရာလုပ်၍ မရနိုင်ပေ။ အများပြည်သူပိုင်သည့် နေရာဟူသည်မှာ အများပြည်သူတို့ လိုက်နာရမည့်စည်းကမ်းနှင့်အညီ နေထိုင် လုပ်ကိုင် သွားလာကြရမည်ဖြစ်သည်။ သို့မှသာ လွတ်လပ် သောနိုင်ငံ၊ လွတ်လပ်သောဂုဏ်ဒြပ်နှင့် ညီပေမည်။

 

လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်

ဈေးရောင်းဈေးဝယ် ရောင်းဝယ်ဖောက်ကားရန် အတွက် သက်ဆိုင်ရာက ဈေးနေရာများ သတ်မှတ်ခွင့်ပြု ပေးထားသည်။ ယာဉ်များသွားလာရန်အတွက် သတ်မှတ် လမ်းများ ပြဋ္ဌာန်းပေးထားသည်။ လူများသွားလာရန်အတွက် ပလက်ဖောင်းများ သတ်မှတ်ခင်းကျင်းပေးထားသည်။ ယာဉ်ထားရန်၊ ယာဉ်ရပ်ရန်အတွက် ယာဉ်ပါကင်များ၊ ခေတ္တရပ်နားရန်နေရာများ သတ်မှတ်ပေးထားသည်။ အမှိုက်ပစ်ရန်အတွက် အမှိုက်ပုံးများ၊ အမှိုက်သိမ်းသူများ၊ အမှိုက်သိမ်းယာဉ်များ စီစဉ်ပေးထားသည်။ သို့သော် အဆိုပါသတ်မှတ်ချက်များသည် သတ်မှတ်ချက်သာ ဖြစ်သည်။ သတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်သည့် ပြည်သူများလည်းရှိသလို ဖောက်ဖျက်၍ မြို့တော်တစ်ခွင် တွင် ကိုယ့်နည်းကိုယ့်ဟန် သတ်မှတ်ချက်များဖြင့် လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်ကြသူများလည်း ရှိသည်။ ယင်းတို့မှာ လွတ်လပ်ခြင်းဟု မဆိုကြောင်း သူတို့ မေ့လျော့နေကြသည်။

 

မြို့တော်အင်္ဂါရပ်ကို မှေးမှိန်စေ

စည်းကမ်းထိန်းသိမ်းသူနှင့် စည်းကမ်းလိုက်နာရ မည့်သူများမှာ လိုက်တမ်းပြေးတမ်းဆော့သကဲ့သို့ ဖြစ်နေ သည်မှာ ခေတ်အဆက်ဆက်ဖြစ်သည်။ ပြည်သူများ၏ စားဝတ် နေရေးကို ငဲ့ညှာရာမှ စည်းကမ်းထိန်းသိမ်းလိုက်၊ စည်းကမ်းဖောက်ဖျက်လိုက်ဖြင့် စည်းကမ်းရှိသော နိုင်ငံသားများ၊ စည်းကမ်းရှိသော မြို့တော်ဖြစ်ပေါ်လာရေးမှာ အလှမ်းဝေးနေသည်။ လွတ်လပ်ခြင်း၏အရသာကို မြို့တော်တစ်ခွင်မှ ပြည်သူတို့ ခံစားနေရသည်မှာ မွန်းကျပ် ခြင်းနှင့် ညစ်ထေးခြင်းသာဖြစ်သည်။ ဈေးရောင်းဈေးဝယ် ခြင်းနှင့် မော်တော်ယာဉ်ထူထပ်ခြင်းမှ နောက်ဆက်တွဲ အကျိုးဆက်များသည် မြို့တော်အင်္ဂါရပ်ကို မှေးမှိန်စေ သည်မှာ အမှန်ဖြစ်သည်။

သတိပေးစကား ပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ (ပင်လယ်လေး)တံတားဖွင့်ပွဲအခမ်းအနားသို့အသွား၌ လမ်းတွင် အမှိုက် ပစ်ခြင်းနှင့်ပတ်သက်၍ အသိပညာပေး သတိပေးစကား ပြောကြားခဲ့သည်။ အမှိုက်ပစ်ခြင်းကို မပြုလုပ်ကြရန်၊ ကိုယ့်နိုင်ငံကို တန်ဖိုးထားရန်၊ ကိုယ့်ပတ်ဝန်းကျင်ကို တန်ဖိုး ထားရန်နှင့် ကိုယ့်ပြည်သူများ ကိုယ့်နိုင်ငံတွင် ကိုယ့်နိုင်ငံ ရှုပ်ထွေးအောင်လုပ်ခြင်းကို မကြိုက်ဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပြီး လူတိုင်းလူတိုင်း ကိုယ့်နိုင်ငံသည် ကိုယ့်အိမ်၊ ကိုယ့်မိသားစုအိမ်ဖြစ်သည့်အတွက် ပို၍တန်ဖိုးရှိသည်ကို သဘောပေါက်ရန် အသိပေးခဲ့သည်။

 

တိုက်တွန်းပြောကြား

လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သည့်နိုင်ငံ၏ ဂုဏ်ဒြပ်နှင့်ကိုက်ညီအောင် အားလုံးသည် စည်းကမ်း လိုက်နာခြင်းဖြင့် သူ့နေရာနှင့်သူ နိုင်ငံကို အကျိုးပြုနိုင် ပေသည်။ နိုင်ငံသူ နိုင်ငံသား တစ်ဦးချင်း တစ်ဦးချင်း သည် နိုင်ငံကို အကျိုးပြုနိုင်သည်။ ဤကဲ့သို့ အမှိုက်ပစ်ခြင်း ကို ရှောင်ကြဉ်ခြင်း၊ စည်းကမ်းလိုက်နာခြင်းမှအစ နိုင်ငံကို အကျိုးပြုနိုင်ပါသည်။ ကိုယ်၏အင်အားကို ကိုယ်နားလည် ရမည်။ ယုံကြည်ရမည်။ တန်ဖိုးထားရမည်။ သို့မှသာ ကိုယ့် အင်အားကိုလည်း ကိုယ်အလွဲသုံးစားမလုပ်သည့် အခြေ အနေကို ရောက်သွားမည်။ ကိုယ်တန်ဖိုးထားသည့်ပစ္စည်း ဆိုလျှင် အလွဲသုံးစားမလုပ်။ တန်ဖိုးထားရမှန်းသိလျှင် အလွဲသုံးစားမလုပ်။ ထို့ကြောင့် ကိုယ့်အင်အားများကို တန်ဖိုးထားပါ။ အလွဲသုံးစားမလုပ်ပါနှင့်။ နိုင်ငံအတွက် သုံးပါ။ အားလုံးအတွက်သုံးပါဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုက်တွန်းပြောကြားထားသည်။


အားလုံးကိုယ်စီ အသိတရားများရ

ကျွန်တော်တို့မိသားစု ဝေလီဝေလင်း နံနက်ခင်း လမ်းလျှောက်ခြင်းမှ ရရှိခဲ့သော လွတ်လပ်ခြင်း၏ အရသာသည် တဒင်္ဂမျှသာ ဖြစ်သည်။ လွတ်လပ်ခြင်းကို အလွဲ သုံးစားလုပ်သူအချို့ကြောင့် လွတ်လပ်ခြင်း၏အရသာ သည် တခဏနှင့် ဆုံးရှုံးသွားခဲ့သည်။ လူသည် ကိုယ်ကျိုး စီးပွားအတွက် လုပ်ကိုင်ကြသည်မှန်သော်လည်း အများ မထိခိုက်အောင်လုပ်ကိုင်မှ လွတ်လပ်သည့်နိုင်ငံ၏ ဂုဏ်ဒြပ်နှင့်ညီပေမည်။ အားလုံးကိုယ်စီ အသိတရားများ ရှိကြသည်ဖြစ်၍ မိမိကိုယ်ကိုယ်တန်ဖိုးထားပြီး အလွဲ သုံးစားမလုပ်ဘဲ နိုင်ငံအတွက်၊ အားလုံးအတွက် အသုံးပြု စေချင်သည်။

 

ဂုဏ်တင့်တယ်သော လွတ်လပ်သည့်နိုင်ငံ
ကျွန်တော်တို့မိသားစုသာမက ကျွန်တော်တို့ ပြည်သူအားလုံး လွတ်လပ်ခြင်း၏အရသာကို အပြည့် အဝ ရရှိခံစားနိုင်ရေးတွင် ကျွန်တော်တို့ဘိုးဘွားများ အရယူပေးခဲ့သည့် လွတ်လပ်ရေးကို လွတ်လပ်ပြီ ဆိုရုံမျှနှင့် ကျေနပ်မနေသင့်ဘဲ ရရှိပြီးသော လွတ်လပ် မှုကို အလွဲသုံးစားမပြုလုပ်မှသာ လွတ်လပ်ရေးနှင့် ထိုက် တန်သည့်၊ တန်ဖိုးရှိသော လွတ်လပ်ရေးဖြစ်သည့် ဂုဏ်တင့်တယ်သော လွတ်လပ်သည့်နိုင်ငံဖြစ်လာစေရန် စည်းကမ်းရှိခြင်းအလေ့အထကို ကြိုးပမ်းတည်ဆောက် ကြရဦးမည် ဖြစ်ပါသတည်း။ ။