တိုင်းပြည်စီးပွားရေး တိုးတက်မှုအရွေ့ ပြိုင်တူရွှေ့


Dr. မောင်အောင်


၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်။ အချုပ်အခြာ အာဏာပြန်လည် ရရှိလာမှုနှင့်အတူ ကမ္ဘာ့အလယ်တွင် မြန်မာ နိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်လာခဲ့သည်မှာ (၇၂) နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။

ထိုကာလများအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေးစသည်တို့တွင် အောင်မြင်မှုများ ရှိခဲ့သလို ခါးသီးသည့် အတွေ့အကြုံများလည်း ရှိခဲ့ သည်။ အတိတ်ကာလ၏ ခါးသီးသောအတွေ့အကြုံ များကို သင်ခန်းစာယူပြီး လက်ရှိပစ္စုပ္ပန်ကာလတွင် အကောင်းဆုံး ပြုလုပ်နိုင်မှသာ လာမည့်အနာဂတ် မျိုးဆက်များအတွက် ဝန်းကျင်ကောင်း ဖော်ဆောင် ပေးနိုင်မည်ဖြစ်သည်။ နိုင်ငံသားတိုင်း သတိပြုရမည်မှာ ကမ္ဘာ့အလယ်တွင် နိုင်ငံနှင့်လူမျိုး ဂုဏ်သိက္ခာရှိရှိ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အဓိကလိုအပ်ချက်မှာ နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုအဆင့်ကို သိသိသာသာ မြှင့်တင်နိုင်ရေးပင် ဖြစ်သည်။

လက်ငင်းကာလများတွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးပြုန်းသတ်ဖြတ်မှုနှင့် ပတ်သက်၍ စွပ်စွဲတိုင်ကြားမှုကြောင့် အပြည်ပြည် ဆိုင်ရာတရားရုံးချုပ် (ICJ)တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ အနေဖြင့် အချုပ်အခြာအာဏာ မထိခိုက်ရေးနှင့် နိုင်ငံနှင့် လူမျိုးဂုဏ်သိက္ခာ ကာကွယ်ရေးစသည့် နိုင်ငံအရေးကို သွားရောက်ရင်ဆိုင် ဖြေရှင်းပေးခဲ့ပြီးဖြစ်သည်။ အဆိုးထဲ မှအကောင်းမှာ ''အရေးကြီးပြီ သွေးစည်းကြစို့'' ဆိုသည့်စကားအတိုင်း နိုင်ငံ့အရေးကိစ္စဖြစ်၍ ပြည်သူ တစ်ရပ်လုံး သောင်းသောင်းဖြဖြ ညီညီညွတ်ညွတ် ထောက်ခံအားပေးမှုပင် ဖြစ်သည်။ ထို့ပြင် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သမိုင်းကြောင်းမှအစ ဖြစ်ရပ်မှန် ကို ကမ္ဘာကိုရှင်းပြနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

ကောက်ချက် ပြုနိုင်သည်မှာ ''နိုင်ငံ့အရေး'' ဆိုလျှင် ညီညွတ်မှု၊ သွေးစည်းမှု၊ စည်းလုံးမှုများကို နိုင်ငံသားတိုင်း၏ နှလုံးသည်းပွတ်တွင် အခြေခိုင်စွဲပြီး သားဖြစ်သည်။ ဆိုလိုသည်မှာ နိုင်ငံသားတိုင်း၏စိတ်ဝယ် နိုင်ငံနှင့်လူမျိုး ဂုဏ်သိက္ခာမြှင့်တင်ရေး၊ လွတ်လပ်သည့် နိုင်ငံနှင့် အချုပ်အခြာအာဏာကာကွယ်ရေး၊ ငြိမ်းချမ်း ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစသည့် နိုင်ငံ့အရေးကိစ္စ တို့တွင် မျိုးချစ်စိတ်အပြည့်ဖြင့် ပေးဆပ်ရန်အသင့်ရှိ နေကြောင်း ဖော်ညွှန်းနေပေသည်။ အမှန်တကယ်လည်း ကမ္ဘာ့ အလယ်တွင် နိုင်ငံနှင့် လူမျိုးဂုဏ်သိက္ခာမြှင့်တင် နိုင်ရေးတွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအဆင့် သိသိသာသာ မြှင့်တင်နိုင်မှသာ နိုင်ငံတကာ၏လေးစားမှု ရရှိမည်ဖြစ် သည်။ ICJ ကိစ္စသည် နိုင်ငံနှင့်လူမျိုးဂုဏ်သိက္ခာမြှင့်တင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ် စည်းစည်း လုံးလုံး အထူးအလေးထား ကြိုးစားစေရေး အချက်ပေး ခေါင်းလောင်း ထိုးနေပြီဖြစ်သည်။ ပြည်သူတစ်ရပ်လုံး၏ သွေးစည်း ညီညွတ်မှုအားသည် အလွန်ကြီးမားသည့် တွန်းအားဖြစ်သည့်အလျောက် လက်တွေ့ဖြစ်ပေါ်နေ သည့် အခက်အခဲအတားအဆီးများ ဖြေရှင်းကျော်လွှား ပြီး အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဆင့် အရောက်လှမ်းနိုင်ရန် ပြည်သူတိုင်း အလေးထား အကောင်အထည်ဖော်ရတော့မည်ဖြစ်သည်။

 

စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းမှုနှင့် တိုးတက်မှု

မြန်မာနိုင်ငံသမိုင်းကြောင်းကို ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်မှအစ ယနေ့ဒီမိုကရေစီခေတ်ကာလအထိ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းတစ်လျှောက် နိုင်ငံ သားများ၏ စည်းလုံးညီညွတ်မှု၊ သွေးစည်းမှု၊ ငြိမ်းချမ်းမှု အားကောင်းသည့်အချိန်တွင် နိုင်ငံတိုးတက်ဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ခဲ့သည်။ စည်းလုံးညီညွတ်မှု အားနည်းသည့် အချိန်တွင် တိုးတက်မှုဆုတ်ယုတ်ခဲ့သည့်အပြင် အဘက် ဘက်မှ နိမ့်ကျခဲ့ရပြီး နိုင်ငံလွတ်လပ်ရေးပါ ဆုံးရှုံးခဲ့ရပေ သည်။

ဗြိတိသျှကိုလိုနီဘဝကို နှစ်ပေါင်း ၁၀၀ ကျော် သူ့ကျွန်ဘဝဖြင့် ခါးသီးစွာ ခံစားခဲ့ရပြီး လွတ်လပ်ရေး၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မျိုးချစ်ပုဂ္ဂိုလ်ကြီး များ၏ ခေါင်းဆောင်မှုအောက်တွင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး စည်းလုံးညီညွတ်စွာ ကြိုးစားခဲ့မှုဖြင့် အသက်၊ သွေး၊ ချွေးများ စတေးခံခဲ့ရပြီးမှ လွတ်လပ်ရေးပြန်လည် ရရှိခဲ့ခြင်းပင်ဖြစ်သည်။ ကိုလိုနီခေတ်၏ ခွဲခြားအုပ်ချုပ်မှု ကြောင့် ပြည်မနှင့် ပြည်နယ်များအကြား ယခု လွတ်လပ်ရေး ရပြီး (၇၂)နှစ်တိုင် မငြိမ်းချမ်းနိုင်သေးဘဲ ရှိနေပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်မှု အားနည်းနေသေးသလို တိုးတက်ဖွံ့ဖြိုးမှု နောက်ကျနေသေး ခြင်းပင်ဖြစ်သည်။ တိုးတက်ဖွံ့ဖြိုးမှုအတွက် ပြည်သူတစ်ရပ် လုံး သွေးစည်းညီညွတ်စွာ ပြိုင်တူကြိုးစားလုပ်ဆောင်ခြင်း ဖြင့် ဒုတိယကမ္ဘာစစ်အပြီး ပြာပုံဘဝမှ ကမ္ဘာ့အချမ်းသာ ဆုံးနိုင်ငံများထဲတွင် ပါဝင်လာသည့် ဂျပန်နိုင်ငံနှင့် ဂျာမနီ နိုင်ငံတို့ကို အတုယူရမည် ဖြစ်သည်။
ထို့အတူ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးပြီး နိုင်ငံတကာ လုပ်ငန်းကြီးများ လာရောက်ရင်းနှီးမြှုပ်နှံ စေရန် တံခါးဖွင့်ခဲ့သည့် တရုတ်နိုင်ငံအနေဖြင့်လည်း ဆယ်စုနှစ် နှစ်ခု၊ သုံးခုအတွင်း ပြည်သူတစ်ရပ်လုံး၏ ကြိုးစားအားထုတ်မှုကြောင့် ကမ္ဘာပေါ်တွင် စီးပွားရေး တိုးတက်မှု အမြန်ဆုံးဖြစ်ခဲ့သည့်အတွက် ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်ခဲ့သည်။

မြန်မာ့သမိုင်းများက ဖော်ပြနေသည်မှာ စည်းလုံး ညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအရေးပါပြီး နိုင်ငံသားအားလုံး စည်းလုံးညီညွတ်မှုဖြင့်သာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဖြစ်သည်။ ငြိမ်းချမ်းသာယာမှသာ ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများ ယုံယုံကြည်ကြည် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့အတွက် ယနေ့ခေတ်၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြဋ္ဌာန်းပေးသည့်အချက် မှာ နိုင်ငံသားများ၏ စည်းလုံးညီညွတ်မှု၊ ကြိုးစားအားထုတ် မှုနှင့် စွမ်းဆောင်ရည်ပြည့်ဝမှုတို့ကို အခြေပြုသည့် လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အဓိကတည်နေပေသည်။

 

ညီညာမှ ပြည်သာမည်

ယနေ့နိုင်ငံအနေဖြင့် လက်တွေ့ရင်ဆိုင်နေရသည့် စိန်ခေါ်မှုမှာ စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေး ပိုမိုဖော် ဆောင်ရေးပင်ဖြစ်သည်။ နိုင်ငံ တည်ငြိမ်အေးချမ်းမှုရှိမှသာ ကမ္ဘာတစ်ဝန်းနှင့် ဆက်စပ်နေသည့် နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုလုပ်ငန်းကြီးများ ပိုမိုဝင်ရောက်လာမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် အမြန်ဆုံး တိုးတက်ဖွံ့ဖြိုးလာစေရန် ဈေးကွက်စီးပွားရေးစနစ်နှင့် တံခါးဖွင့်မူဝါဒကို ကျယ်ကျယ် ပြန့်ပြန့် ကျင့်သုံးနေပြီဖြစ်သည့်အတွက် တစ်ဦးချင်းမှအစ လုပ်ငန်းများအားလုံး တိုးတက်ဖွံ့ဖြိုးရန် အခွင့်အလမ်းများ ရှိနေပြီဖြစ်သည်။

နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးများ ပိုမိုစီးဝင် လာရေးအတွက် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်း ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် လျင်မြန်ချောမွေ့ စေရေးအတွက် အဆင့်များနှင့် အချိန်လျှော့ချခြင်း၊ နိုင်ငံသားကုမ္ပဏီတိုင်း နိုင်ငံတကာနှင့် ပေါင်းစည်းနိုင်ရေး အတွက် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်လည်း ပြဋ္ဌာန်း ပေးခဲ့ပြီဖြစ်သည်။ ထို့အတူ ငြိမ်းချမ်းရေး ဖော်ဆောင်မှု၊ စီးပွားရေးလုပ်ငန်းများအတွက် ဘေးကင်းလုံခြုံမှု၊ ပတ်ဝန်းကျင် ပိုမိုကောင်းမွန်ရေး အလေးထားဆောင် ရွက်နေသော်လည်း အစိုးရချည်းဆောင်ရွက်၍ မရဘဲ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်သည်။

နိုင်ငံသားတစ်ဦးချင်းအနေဖြင့် နိုင်ငံတည်ငြိမ်အေး ချမ်းရေး၊ နိုင်ငံ့ဂုဏ်သိက္ခာထိန်းသိမ်းရေးနှင့် မြှင့်တင်ရေး တို့ကို ကိုယ်တိုင်ဆောင်ရွက်ရမည်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံ့ဂုဏ်သိက္ခာ ထိခိုက်စေသည့် အကြံအစည်၊ အပြော အဆို၊ အပြုအမူများ လုံးဝရှောင်ကြဉ်ရမည် ဖြစ်သည်။ ထို့အတူ ဘေးကင်းလုံခြုံစိတ်ချရသည့် စီးပွားရေးဝန်းကျင် ကောင်း ပိုမိုထွန်းကားလာရေးအတွက် ပြည်သူတိုင်းက ပါဝင်ပူးပေါင်းလုပ်ဆောင်ရမည် ဖြစ်သည်။ အထူးသဖြင့် တည်ငြိမ်မှုထိခိုက်စေရန်လှုံ့ဆော်ခြင်း၊ စည်းရုံးခြင်း၊ ဆန္ဒပြစေခြင်းဖြင့် အဖျက်အမှောင့်လုပ်ငန်းများ ဖြစ်ပေါ် အောင် လုပ်ဆောင်သူများကိုလည်း ပြည်သူတိုင်း သတိထား ရှောင်ရှားရန်လိုသည်။ နိုင်ငံဂုဏ်သိက္ခာထိခိုက်မည့် မည်သည့်ကိစ္စကိုမဆို ပြည်သူတစ်ရပ်လုံးက ပါဝင်ပူးပေါင်း ဖြေရှင်းခြင်းဖြင့် နိုင်ငံတော်ကို ဝိုင်းဝန်းပံ့ပိုးရမည် ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာစေရန် ဈေးကွက်စီးပွားရေးစနစ်နှင့် တံခါးဖွင့်မူဝါဒကို ယခင်ကထက် ပီပီပြင်ပြင် ကျင့်သုံးလာပြီဖြစ်၍ နိုင်ငံတကာနှင့်ပေါင်းစည်း နိုင်ရန် ကုမ္ပဏီအဆင့်အထိပါ အခွင့်အလမ်းများရှိနေပြီ ဖြစ်သည်။ အထူးသတိပြုရမည်မှာ ပေါင်းစည်းနိုင်ရေး အဆင်သင့်ဖြစ်စေရန် ကြိုးစားရမည်ဖြစ်သည်။ ယှဉ်ပြိုင် နိုင်ရန် အဘက်ဘက်မှပြင်ဆင်ရမည်ဖြစ်သည်။ ထို့အတွက် အရေးကြီးသည်မှာ နိုင်ငံသားတိုင်း အရည်အချင်းနှင့် ကျွမ်းကျင်မှုများကိုအခြေခံသည့် စွမ်းဆောင်ရည်ပြည့်ဝ သူများ ဖြစ်လာစေရေး အထူးအလေးထား ကြိုးစားရမည် ဖြစ်သည်။

 

စွမ်းဆောင်ရည်ပြည့်ဝလေ တိုးတက်လေ

(၂၁) ရာစု နည်းပညာခေတ်တွင် နိုင်ငံတိုင်း၏ တိုးတက်မှုကို အဆုံးအဖြတ်ပေးနေသည်မှာ စွမ်း ဆောင်ရည်ပြည့်ဝသည့် နိုင်ငံသားများ မည်မျှရှိသည်ဆို သည့် ညွှန်ကိန်းပေါ် မူတည်ကြောင်း၊ ယနေ့ဖွံ့ဖြိုးနေ သည့် နိုင်ငံများသာမက အလျင်အမြန်ဖွံ့ဖြိုးလာသည့် နိုင်ငံများက ညွှန်ပြနေပေသည်။ စွမ်းဆောင်ရည်ရှိသည့် နိုင်ငံသားများလေလေ တိုးတက်လာလေပင် ဖြစ်သည်။ ယနေ့ စီးပွားရေးလုပ်ငန်းများတွင် ထုတ်လုပ်မှုလုပ်ငန်း များ၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အဓိကလိုအပ်ချက်မှာ ကျွမ်းကျင်မှုရှိသည့် လူ့စွမ်းအားအရင်းအမြစ်ပင်ဖြစ် သည်။ စီးပွားရေးလုပ်ငန်းများအနေဖြင့် နိုင်ငံတကာ လုပ်ငန်းများနှင့် ပေါင်းစည်းနိုင်ရေး အထူးအလေးထား ပြင်ဆင်ရန်လိုသလို လိုက်နာရမည့် ကျင့်ဝတ်မှအစ အသိအမှတ်ပြုထားသည့် စံချိန်စံညွှန်း မြင့်မားသည့် အရည်အသွေး၊ မိမိထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှုကို တန်ဖိုးမြင့်တက်စေရန် လုပ်ဆောင်ရမည့် နည်းလမ်းများ အထူးအလေးထားဖော်ဆောင်ခြင်းဖြင့် နာမည်ကောင်း "Brand Name" ဖြစ်ပေါ်လာလျှင် ပြည်တွင်းဈေးကွက် ကိုသာမက နိုင်ငံတကာဈေးကွက်အထိ ဝင်ရောက်သည့် မြန်မာ့ထုတ်ကုန်များ ပိုမိုပေါ်ပေါက်ရမည် ဖြစ်သည်။
ထို့ပြင် အလုပ်လုပ်နေသူများ၊ အလုပ်ရှာနေသူများ နှင့် မကြာမီ လုပ်ငန်းလုပ်မည့်သူများအနေဖြင့် မိမိ စိတ်ပါဝင်စားသည့် လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ် ချက်များနှင့် အံဝင်ခွင်ကျဖြစ်စေရန် လေ့လာဆည်းပူး ရမည့် အသက်မွေးဝမ်းကျောင်း သင်တန်းများ တက်ရောက်လေ့လာခြင်း၊ စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးခြင်း၊ IT အခြေခံနည်းပညာ၊ ဘာသာစကားမှ အစ ကြိုးစားသင်ယူရမည်ဖြစ်သည်။ စီးပွားရေးအခွင့် အလမ်းများ ရှိနေပြီဖြစ်၍ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူတိုင်းအတွက် စွမ်းဆောင်ရည် ပြည့်ဝလာသူ များလေလေ နိုင်ငံစီးပွား တိုးတက်လေပင် ဖြစ်သည်။

 

အရေးကြီးပြီ သွေးစည်းကြစို့

(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့သည် နိုင်ငံ သားတိုင်းအတွက် အထွတ်အမြတ်ထားသည့် နေ့ထူး နေ့မြတ်ဖြစ်သည့်အတွက် ကမ္ဘာတည်သရွေ့ နိုင်ငံတကာ အလယ် ဂုဏ်သိက္ခာရှိရှိဖြင့် အစဉ်ရပ်တည်နိုင်ရေး မှာလည်း ယနေ့နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သလို လာမည့်မျိုးဆက်သစ်များကိုလည်း ယခုထက်ကြွယ်ဝ ချမ်းသာသည့် နိုင်ငံဖြစ်မှသာ အမွေကောင်းကို ပေးနိုင် မည်ဖြစ်သည်။ ICJ အရေးတွင်ပြသခဲ့သည့် ပြည်သူ တစ်ရပ်လုံး၏ သွေးစည်းမှု၊ ညီညာမှု၊ စည်းလုံးမှုအင်အား သည် ယနေ့နိုင်ငံတော်ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

သို့ဖြစ်၍ သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစသည့် နိုင်ငံအရေးကိစ္စကို လွတ်လပ်ရေးနေ့ အချိန်အခါသမယတွင် အထူးအလေး အနက် နှလုံးသွင်းပြီး ပြည်သူတစ်ရပ်လုံး၏ စုပေါင်း ညီညာမှုဖြင့် ကြိုးစားကြမည်ဆိုလျှင် အချိန်တိုအတွင်း လျင်မြန်သော တိုးတက်မှုကို ယနေ့ ပြည်သူများ ခံစားနေရမည်ဖြစ်သလို အနာဂတ်မျိုးဆက်များ အတွက်လည်း ဂုဏ်သိက္ခာရှိသည့်၊ ဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံတော်ကို အမွေကောင်းပေးဆောင်နိုင်မည် ဖြစ်သည်။ အချုပ်ဆိုရသော် စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ပိုမိုဖော်ဆောင်ရေး အတွက် ''အရေးကြီးပြီ သွေးစည်းကြစို့'' ဟူသော ဆောင်ပုဒ်အတိုင်း နိုင်ငံသားတိုင်း သန္နိဋ္ဌာန်ချမှတ် ကြိုးစားခြင်းဖြင့် ''စီးပွားရေးတိုးတက်မှုအရွေ့ ပြိုင်တူ ရွှေ့''ကြရန် နှိုးဆော်တိုက်တွန်းလိုက်ရပါ သတည်း။ ။