အမ်း ၄ ဇန်နဝါရီ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင် အလေးပြုအခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အလေးပြုအခမ်းအနားကို ရွှေအမ်းတောင်ခန်းမရှေ့၌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဆန်းနှင့် ရဲတပ်ဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက နံနက်(၄)နာရီ မိနစ် ၂၀ တွင် နိုင်ငံတော်အလံအား လွှင့်ထူ၍ အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နံနက်(၈)နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံမှပေးပို့သော (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ဖတ်ကြားခဲ့ပြီး မြို့နယ်အဆင့်ပဏာမရွေးချယ်ထားသော လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းနှင့်ပြည်နယ်အဆင့် ခရစ်ကတ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိသူများအား တာဝန်ရှိသူများက ဆုများ ချီမြှင့်ပေးအပ်ကြသည်။

အဆိုပါအခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံးမှ ဝန်ထမ်း များက (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား ဖြန့်ဝေခဲ့ကြသည်။ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်မှုဖြင့် အမျိုးသား/အမျိူးသမီး မီနီမာရသွန်အပြေးပြိုင်ပွဲများ၊ ဖူဆယ်ဘောလုံးပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ တာတိုအပြေးပြိုင်ပွဲများကို ဈေးရပ်ကွက် ဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။
MDN