နေပြည်တော် ၃ ဇန်နဝါရီ
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေအသင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိသည့် မိခင်နှင့် ကလေးများ၏ လူနေမှုဘဝအဆင့်အတန်း မြင့်မားလာစေရေးအတွက် ဆောင်ရွက်ပေးနိုင်ရန် (၁၉၉၁)ခုနှစ်က ဖွဲ့စည်းထားရှိသည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ် ဖြစ်သည်နှင့်အညီ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းများကို မိမိတို့ အသင်းဝင်များ၏ စေတနာအင်အားဖြင့် ကျေးလက်ဒေသအောက်ခြေအထိ ရောက်ရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့အတူ ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးမှုရရှိရန်နှင့် ဉာဏ်ပညာတိုးတက်စေရန် ရည်ရွယ်ပြီး နေ့ကလေးထိန်းကျောင်းများနှင့် မူလတန်းကြိုကျောင်းများကိုလည်း နိုင်ငံ တစ်ဝှမ်းလုံးတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဆိုရင် နေ့ကလေးထိန်း ကျောင်းပေါင်း (၁၇) ကျောင်းနှင့် မူလတန်းကြိုကျောင်းပေါင်း (၄၀ဝ)ခန့်ကို ဖွင့်လှစ်ထားရှိပြီး အသင်း ဗဟိုအနေနှင့် ၂၀၁၄ ခုနှစ်က စတင်ပြီး လွတ်လပ်ရေးအထိမ်းအမှတ် ကလေးပြိုင်ပွဲများကို ဆောင်ရွက်ခဲ့ပါကြောင်းပြောကြားသည်။
ထို့နောက် ဆုရရှိသော ကလေးငယ်များနှင့် သားကောင်းမိခင်များ၊ အကဲဖြတ်ပေးသော ဆရာဝန်ကြီးများကိုဂုဏ်ပြုလက်ဆောင်ချီးမြှင့်သည်။
အခမ်းအနားကို မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဉတ္တရသီရိ ကလေးအထူးကုဆေးရုံကြီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လယ်ဝေးပြည်သူ့ ဆေးရုံကုတင်(၁၀ဝ) မှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာမများ နေပြည်တော် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ခရိုင်နှင့်မြို့နယ်များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ လက်ထောက် ဆရာဝန်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
(သတင်းစဉ်)