ဘားအံ ၅ ဇန်နဝါရီ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အောင်ဆန်းခန်းမဖွင့်ပွဲကို ဇန်နဝါရီ ၄ ရက် နံနက် ၉ နာရီက အဆိုပါ အောင်ဆန်းခန်းမတွင် ပြုလုပ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးချစ်ဦးနှင့် ဒေါ်နန်းမိုးမိုးထွေး၊ ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာစကား ပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက အောင်ဆန်းခန်းမ အဆင့်မြှင့်ပြုပြင်ခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရပ်မိရပ်ဖ ဦးသာဒင်က ကျေးဇူးတင်စကား ပြောကြကာ တာဝန်ယူတည်ဆောက်သော ထူးမြတ်ဂုဏ်ကုမ္ပဏီမှ တည်ဆောက်ရေးဆိုင်ရာ အချက်အလက်မှတ်တမ်းများအား စည်ပင်သာယာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသသို့ ရောက်ရှိပြီး သာသနဥယျာဉ်ခြံကျောင်း ဆရာတော်အား ဖူးမြှော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ တိုက်ပွဲရှောင်ပြည်သူများ၏ ရေရှည်အတွက် နောင်ရေးကာလ အဆင်ပြေစေရန် လျှောက်ထားညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တိုက်ပွဲရှောင်ပြည်သူများနှင့် သွားရောက်တွေ့ဆုံကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်ရေး၊ ရေရှည်အတွက် မိသားစုအလိုက် အတည်တကျ နေထိုင်သွားနိုင်ရေးတို့အတွက် ဆွေးနွေးပြောကြားခဲ့ကြပြီး အသားတု၊ ပဲ အစရှိသော စာသောက်ကုန်များ၊ အဝတ်အထည်များ၊ ဆိုလာလက်ဆွဲမီးအိမ်တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)