နေပြည်တော် ၈ ဇန်နဝါရီ
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများနှင့် ဖျော်ဖြေတင်ဆက်ရန်အတွက် ပြည်ထောင်စုနေ့ ညစာစားပွဲ ဖျော်ဖြေရေးဆပ်ကော်မတီ၏ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပခဲ့ရာ ညှိနှိုင်းအစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်များမှ ယဉ်ကျေးမှုကိုယ်စားလှယ်များနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်သည်။
အစည်းအဝေးတွင် လုံခြုံရေးကိစ္စရပ်များ၊ ဖိတ်ကြားရေးကိစ္စရပ်များ၊ ကြိုဆိုနေရာချထားရေး ကိစ္စရပ်များ၊ အခမ်းအနားပြင်ဆင်ရေး ကိစ္စရပ်များ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကိစ္စရပ်များ၊ ဧည့်ခံကျွေးမွေးရေး ကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှု ကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကိစ္စရပ်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရေဒီယိုနှင့် ရုပ်မြင်အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ရေး ကိစ္စရပ်များအပါအဝင် ဆပ်ကော်မတီ၏ အဓိကတာဝန်ဖြစ်သော ဖျော်ဖြေရေးအစီအစဉ်များကို အဆင်ပြေချောမွေ့စွာ၊ ခမ်းနားသိုက်မြိုက်စွာ ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် ဆပ်ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)