မောင်ခိုင်မာ (အထက်မင်းလှ)
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့သည် ရှမ်းတိုင်းရင်းသားတို့၏ (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ ဖြစ်သည်။ ရှမ်းအမျိုးသားနေ့ ဟူ၍လည်း ခေါ်ဝေါ်ကြပါသည်။
ရှမ်းပြည်နယ်နေ့ဖြစ်ပေါ်လာပုံ
ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်တို့သည် နိုင်ငံတော်လွတ်လပ်ရေးအတွက် မနားမနေ ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ လွတ်လပ်ရေး ကြိုတင်ပြင်ဆင်မှုအနေဖြင့် အောင်ဆန်း - အက်တလီစာချုပ်ကို အင်္ဂလန်မြေတွင် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ကြသည်။ အဆိုပါစာချုပ်အရ လွတ်လပ်ရေးကို တိုင်းရင်းသားအားလုံးက တောင်ပေါ်မြေပြန့် မခွဲခြားဘဲ ရယူလိုကြောင်းပြသနိုင်သည့် ညီလာခံတစ်ခုကို ပင်လုံ(သို့မဟုတ်) သင့်လျော်ရာ တောင်တန်းဒေသတစ်ခုခုတွင် ကျင်းပရန်ဆိုသည့် အချက်တစ်ချက် ပါဝင်ခဲ့သည်။ သို့အတွက် ဗိုလ်ချုပ်နှင့် တိုင်းရင်းသား ခေါင်းဆောင်များသည် တိုင်းပြည်အကျိုးမျှော် ကိုးလျက် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး တောင်ပေါ်မြေပြန့်မခွဲဘဲ လွတ်လပ်ရေးကို အရယူရန် စိတ်တူသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ အထူးသဖြင့် ရှမ်းတိုင်းရင်းသားတို့က နယ်ချဲ့၏ ကောက်ကျစ်သော အစီအမံကို တွန်းလှန်ကာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် "ပဒေသရာဇ် ရှမ်းကောင်စီ" ကို ဖျက်သိမ်းလိုက်သည်။ ထိုနေ့သည် ရှမ်းပြည်နယ် စော်ဘွားကြီးများနှင့် လူထုကိုယ်စားလှယ် ခေါင်းဆောင်များ သွေးစည်းညီညွတ်မှုကို ပြသနိုင်သော နေ့ထူး နေ့မြတ်ဖြစ်သည့်အတွက် "ရှမ်းပြည်နယ်နေ့" (ဝါ) "ရှမ်းအမျိုးသားနေ့"အဖြစ် သတ်မှတ်ရန် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ပင်လုံ ညီလာခံအစည်းအဝေးကြီးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုနေ့မှာပင် ရှမ်းအမျိုးသား သီချင်းနှင့် ရှမ်းအမျိုးသားအလံကို သတ်မှတ် ခဲ့ကြကြောင်းကိုလည်း လေ့လာသိရှိရပါသည်။
ပထမပင်လုံနှင့် ရှမ်းတိုင်းရင်းသားတို့၏ ပင်လုံစိတ်ဓာတ်
ပထမပင်လုံညီလာခံသည် တောင်တန်း၊ ပြည်မ မခွဲဘဲ တစ်စိတ်တစ်ဝမ်းတည်း လွတ်လပ်ရေး ရယူလိုသည့် ဆန္ဒကို စတင် ဖော်ထုတ်သည့် သမိုင်းဝင်ညီလာခံတစ်ခု ဖြစ်ပါသည်။ ထိုကာလသည် နယ်ချဲ့တို့က သွေးခွဲအုပ်ချုပ်သည့် အတတ်ပညာဖြင့် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးရသည့်တိုင် တောင်တန်းဒေသအား ခွဲခြားချန်ထားစေခဲ့ပြီး သီးခြားကိုလိုနီပြုလိုသည့် အကြံအစည် ရှိသည်။ ထိုရည်ရွယ်ချက်ကို "ဗမာပြည်မနှင့် ခွဲခြား၍ အုပ်ချုပ်သည့် စည်းမျဉ်း" (Schedule Area Adminisration Regulation) ဖြင့် အကောင်အထည်ဖော်ရန် စီမံစိုင်းပြင်းလျက်ရှိ သည်။ ထိုအကြံဆိုးကို ရှမ်းစော်ဘွားကြီးများ ကိုယ်တိုင်သိရှိသွားသောအခါ ဗိုလ်ချုပ်နှင့် လျှို့ဝှက်တွေ့ဆုံ၍ ဤပထမ ပင်လုံညီလာခံ ကျင်းပရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။
ဤညီလာခံမတိုင်မီမှာပင် တိုးတက်သော အမြင်ရှိကြသည့် ရှမ်းပြည်သူ့လွတ်လပ်ရေး လူငယ်ခေါင်းဆောင်များက ရှမ်းပြည်အနာဂတ် အရေးအတွက် လူထုနှင့်အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ရှမ်းလူထုကလည်း မျိုးချစ်စိတ်အရင်းခံဖြင့် ပင်လုံညီလာခံ ကျင်းပရေး၊ နယ်ချဲ့တော်လှန်ရေး၊ ရှမ်းဗမာ ပူးပေါင်းရေး၊ ဒေသဖွံ့ဖြိုးရေး တိုးတက်ရေးတို့ကို သဘောတူလက်ခံကြသည်။ ဤသို့ဖြင့် ၁၉၄၆ ခုနှစ် မတ်လ ၂၀ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရှမ်းပြည်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်း တို့ လမ်းကြောင်းဆုံရာ ပင်လုံမြို့လေးတွင် ပထမပင်လုံညီလာခံကို ဝှဲချီးကျင်းပနိုင်ခဲ့ ကြောင်း သိရပါသည်။ အထူးသဖြင့် ပထမ ပင်လုံညီလာခံက နယ်ချဲ့တို့ ကြံစည်ထားသည့် အစီအစဉ်ကို ရိုက်ချိုးနိုင်ပြီး ရှမ်းတိုင်းရင်းသား များဖြင့် ဖွဲ့စည်းထားသည့် ‘‘ရှမ်းပြည်နယ် ကောင်စီ’’ (Federated Shan State Council) ကို ဖွဲ့စည်းနိုင်ခြင်းပင် ဖြစ်ပါသည်။
ဒုတိယပင်လုံနှင့် ရှမ်းတိုင်းရင်းသားတို့၏ ပင်လုံစိတ်ဓာတ်
ပထမပင်လုံတွင် အလဲထိုးခံရသည့် နယ်ချဲ့တို့က လက်မလျှော့ဘဲ အစဉ်အမြဲသွေးခွဲ ဖို့ရန် အလစ်ချောင်းခဲ့ကြသည်။ အောင်ဆန်း- အက်တလီစာချုပ် ချုပ်ဆိုရန် အင်္ဂလန်သို့ ရောက်ရှိစီစဉ်နေချိန်တွင် ‘‘အောင်ဆန်းမှာ ဗမာတစ်နိုင်ငံလုံး၏ ကိုယ်စားလှယ်မဟုတ်၊ လန်ဒန်သို့ တိုင်းရင်းသားကိုယ်စားလှယ်များကို ခေါ်ယူဆွေးနွေးပါ’’ဟူသော ကြေးနန်းစာကို နယ်ချဲ့၏ သွေးခွဲခံရသည့် ရှမ်းစော်ဘွားအချို့က ပို့လိုက်သည်။ သို့သော် ‘‘မြန်မာကိုလွတ်လပ်ရေး ပေးလျှင် ရှမ်းကိုပေးရမည်။ ရှမ်းတို့က မြန်မာ များနှင့် ပူးပေါင်းဆောင်ရွက်လိုသည်’’ အစ ရှိသည့် အချက်များပါဝင်သော ကြေးနန်းစာကို ရှမ်းမျိုးချစ်တို့က ပေးပို့လိုက်သကဲ့သို့ တောင်ကြီး၌ ညောင်ရွှေစော်ဘွားကြီးတို့က လူထုအစည်းအဝေးပြုလုပ်ပြီး ‘‘ရှမ်းများကို ဗမာပြည်မနှင့်အတူ လွတ်လပ်ရေးပေးရန်နှင့် ဗိုလ်ချုပ်ကို တိုင်းရင်းသားအားလုံး၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုသည်’’ ဟု ကြေညာခဲ့သည်။ ထိုအခါကျမှ လန်ဒန် ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ပြီး အောင်ဆန်း- အက်တလီစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်သည်။
အောင်ဆန်း - အက်တလီ စာချုပ်အရ ပင်လုံညီလာခံကျင်းပရန် စီစဉ်ကြသည်။ ပင်လုံ အကြိုကာလ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ‘‘ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်’’ က ‘‘ရှမ်းပြည်နယ်သည် ဗမာနှင့် တစ်ပြိုင်တည်း ကျွန်ဖြစ်ခဲ့ရသဖြင့် ဗမာနှင့် တစ်ပြိုင်တည်း လွတ်လပ်ရေးရယူလိုကြောင်း၊ ဗမာပြည်မနှင့် လက်တွဲ၍ လွတ်လပ်ရေးကို အရယူမည်ဖြစ်ကြောင်း....’’ စသည့် သဘော ထားများပါဝင်သည့် ကြေညာစာတမ်းအမှတ် (၄)ကို ထုတ်ပြန်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပင်လုံညီလာခံသို့ ဗိုလ်ချုပ်တို့ ရောက်ရှိလာပြီး တိုင်းရင်းသား ခေါင်းဆောင်တို့နှင့် အကျေအလည် အကြိတ် အနယ် ဆွေးနွေးခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တိုင်းရင်းသားတို့က ဗမာ တို့နှင့်ပူးပေါင်း၍ လွတ်လပ်ရေးအရယူမည် ဟူသော သဘောထားကိုရရှိခဲ့သည်။ ယင်းနေ့ ညတွင် ဝမ်းမြောက်မှု အထိမ်းအမှတ်အဖြစ် ရှမ်းစော်ဘွားများက ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။ ညစာစားပွဲတွင် ရှမ်းစော်ဘွား များအသင်းဥက္ကဋ္ဌ တောင်ပိုင်စော်ဘွားကြီးက ‘‘ရှေးအခါက ရှမ်း၊ ဗမာ၊ ကချင်၊ ကရင်၊ ချင်း အမျိုးသားအချင်းချင်း အထင်အရှား သဘော ကွဲလွဲချက်များ ရှိနေသော်လည်း ယခုတော့ ဤသဘောကွဲလွဲချက်များ မရှိတော့ပါဘူး။ ဗမာနှင့် ရှမ်းစသော တောင်တန်းနယ်အားလုံး တို့ ကောင်းရာကောင်းကြောင်း အချိန်သို့ ဆိုက်ရောက်လာပါပြီ...’’ အစရှိသဖြင့် ပြောကြားသွားခဲ့သည်။ ဤသို့ဖြင့် ဖေဖော်ဝါရီ လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ပင်လုံ စာချုပ်ကို အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ပါသည်။ ဒုတိယပင်လုံစာချုပ်ကို ရှမ်းတိုင်းရင်းသား များကိုယ်စား ရှမ်းကော်မတီ (စော်ဘွားများ) အစုမှ ခွန်ပန်းစိန်(တောင်ပိုင်၊ စဝ်ဖလုံ) အပါအဝင် ခုနစ်ဦး၊ ရှမ်းလူထုကိုယ်စားလှယ် အစုမှ ဦးတင်အေးအပါအဝင် ခြောက်ဦး တို့က လက်မှတ်ရေးထိုးခြင်းဖြင့် ရှမ်းတိုင်းရင်းသား တို့၏ မျိုးချစ်စိတ်ကို ဖော်ကျူးပြသနိုင်ခဲ့ ပါသည်။
ရှမ်းပြည်နယ်
ဤသို့လျှင် သမိုင်းအရောင်ထွန်းပြောင်လှ ပါသော ရှမ်းတိုင်းရင်းသားတို့နေထိုင်ရာ မောတို့ ဌာနေ ကမ္ဘောဇမြေ(ရှမ်းပြည်)သည် နိုင်ငံ အကျယ်အဝန်း၏ လေးပုံတစ်ပုံရှိပြီး အကြီးဆုံး ပြည်နယ်ဖြစ်ပါသည်။ ၆၀၁၅၅ စတုရန်းမိုင် (၆၁၁၂၃ စတုရန်းမိုင်ဟုလည်း ဆိုပါသည်) ကျယ်ဝန်းပါသည်။ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၀ မိနစ်နှင့် ၂၄ ဒီဂရီ ၉ မိနစ်၊ အရှေ့လောင်ဂျီ တွဒ် ၉၆ ဒီဂရီ ၁၃ မိနစ်နှင့် ၁၀၁ ဒီဂရီ ၉ မိနစ် တို့အကြား၌ တည်ရှိပါသည်။ အိမ်နီးနားချင်းအဖြစ် မြောက်ဘက်တွင် ကချင်ပြည်နယ်၊ အရှေ့မြောက်ဘက်တွင် ယူနန်ပြည်နယ် (တရုတ်နိုင်ငံ)၊ အရှေ့ဘက်တွင် လာအိုနှင့် ယူနန်ပြည်နယ်၊ အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ တောင်ဘက်တွင် ကယားပြည်နယ်၊ အနောက်ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ အနောက်မြောက်ဘက်တွင် စစ်ကိုင်းတိုင်း ဒေသကြီးတို့ဖြစ်ပါသည်။
ရှမ်းပြည်နယ်၏ အဓိကမြို့ကြီးများမှာ တောင်ကြီး၊ လားရှိုး၊ မူဆယ်တို့ဖြစ်ပြီး အရေးကြီးသော နယ်စပ်ကုန်သွယ်ရေးမြို့များ မှာ ကျိုင်းတုံနှင့် တာချီလိတ်ဖြစ်ပါသည်။ နေထိုင်သည့် လူမျိုးများမှာ တိုင်း(ရှမ်း)၊ အာခါ (ကော်)၊ ခွန်(ဂုံရှမ်း)၊ တိုင်းလိုင်၊ တိုင်းတု၊ တိုင်းလင်း(ဆမ်တောက်ရှမ်း)၊ လားဟူ(မူဆေး)၊ လီရှော၊ ပအိုးဝ်၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ပလေး(ငွေပလောင်)၊ ပဒေါင်(ကယန်း)၊ ယင်းကြား၊ ယင်းနက်၊ ဝ၊ ကိုးကန့် စသည်တို့ ဖြစ်ပါသည်။
ဖွံ့ဖြိုးဝေစည်သည့် စံပြပြည်နယ်ကြီးအဖြစ်
ဤသို့လျှင် သမိုင်းအစဉ်အလာထွန်းပြောင်ပါသော ရှမ်းတိုင်းရင်းသားလူမျိုးများနေထိုင် ရာ ရှမ်းပြည်နယ်သည် အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကြီး၌ ထာဝရငြိမ်းချမ်းပြီး ဖွံ့ဖြိုးဝေစည်သည့် စံပြပြည်နယ်ကြီးတစ်ခုအဖြစ် ဆက်လက် ရပ်တည်နိုင်ပါစေကြောင်း (၇၃) နှစ်မြောက် “ရှမ်းပြည်နယ်နေ့”ကို ကြိုဆိုဂုဏ်ပြုလျက် ဆုတောင်းမေတ္တာပို့သလိုက်ရပါကြောင်း…။ ။
ကိုးကား။ (၁) မြန်မာ့စွယ်စုံကျမ်းအတွဲ(၁၁)။
(၂) ၁၉၄၅-၁၉၄၈ မြန်မာ့နိုင်ငံရေး (သမိုင်းသုတေသနဦးစီးဌာန - ၂၀၁၃၊ ယဉ်ကျေးမှုဝန်ကြီးဌာန)။