ရန်ကုန် ၁၂ ဖေဖော်ဝါရီ
(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌာနချုပ်)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား အလေးပြုပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဒီမိုကရေစီအရေးတော်ပုံတွင် ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ၈ စက္ကန့်ငြိမ်သက် ခြင်းတို့ကိုဆောင်ရွက်ကြသည်။
ထို့နောက် အခမ်းအနားသဘာပတိဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်က အဖွင့်အမှာ စကားပြောကြားသည်။
ယင်းနောက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ဗဟိုအလုပ် အမှုဆောင်အဖွဲ့၏ အချက်လေးချက်ပါရှိသည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ ကြေညာချက်ကို ဖတ်ကြားပြီး ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များနှင့် သံရုံးများမှ ပေးပို့ လာသော သဝဏ်လွှာများကို မှတ်တမ်းတင်သည်။
အဆိုပါ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ရှိ သံရုံးများမှ သံတမန်များ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး