မန္တလေး ၁၀ ဖေဖော်ဝါရီ
မန္တလေးမြို့တွင် အခြေချနေထိုင်ကြသော ကချင်၊ ကယန်း၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ကိုးကန့်၊ တအာင်း၊ တောင်ရိုး၊ နာဂ၊ ပအိုဝ်း၊ အင်းသား၊ ဓနု၊ ယော၊ လီဆူး စသည့်တိုင်းရင်းသား လူမှုရေးအသင်းအဖွဲ့များ စုစည်းတည်ထောင်ထားသော မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများ အဖွဲ့မှကြီးမှူး ကျင်းပသည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နဝမအကြိမ် တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေး ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ အားကစားကွင်း တောင်ဘက်မျက်နှာစာတွင် ကျင်းပခဲ့သည်။
အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်တက်ရောက် အဖွင့်အမှာစကားပြောကြားကာ ဖွင့်လှစ်ပေး၍ တက်ရောက်လာကြသည့် တိုင်း၊ခရိုင်မြို့နယ် အဆင့်ဌာနဆုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တိုင်းရင်းသားလူမျိုးစု အဖွဲ့များမှ တာဝန်ရှိသူများနှင့်အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ပြခန်း၊ စာအုပ်အရောင်းဆိုင်များနှင့် တိုင်းရင်းသားလူမျိုးစုများ၏ ဒေသထွက်ကုန်များ ရိုးရာအသုံးအဆောင်များများနှင့် ရိုးရာအစားအစာ ဆိုင်ခန်းများကို လိုက်လံကြည့်ရှုအားပေးပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ယနေ့ ညနေ ၆ နာရီတွင် တိုင်းရင်းသား ယဉ်ကျေးမှုပဒေသာကပွဲကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးစုဧည့်သည့်တော်များ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပဒေသာကပွဲမှ ဖျော်ဖြေသည့် အကပဒေသာ တင်ဆက်မှုများကို ကြည့်ရှုအားပေးကြကာ ဈေးရောင်းပွဲတော်နှင့် တိုင်းရင်းသား ပဒေသာကပွဲကို လာရောက်အားပေးကြည့်ရှုကြသည့် ပွဲတော်လာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း တွေ့ရသည်။
တင်မောင်(မန်းကိုယ်ပွား)