၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အတွက် မမေ့နိုင်သည့် အာဇာနည်နေ့ဖြစ်သည်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကမ္ဘာတည်သရွေ့ မေ့နိုင်မည်မဟုတ်သော နေ့တစ်နေ့ဖြစ်သည်။ (၇၃) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ကိုဗစ်-၁၉ ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခွင့်မရသော်လည်း ပြည်သူ ပြည်သားများ၏ နှလုံးသားများတွင် လှိုက်လှဲဝေစည် ဦးညွှတ်နေပေသည်။

 

မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက်တွင် နှစ်ပေါင်း ၁၀၀ ကျော် အခြယ်လှယ်ခံဘဝ၊ သွေးစုပ်ခံဘဝဖြင့် နေခဲ့ရသည်။ သူ့ကျွန်မခံလိုသော မြန်မာတို့သည် နယ်ချဲ့တို့ကို အသက်သွေးချွေးတို့ဖြင့် ရင်းနှီးပေးဆပ်ကာ နည်းမျိုးစုံဖြင့် တော်လှန်ခဲ့ကြသည်။ ဤသို့တော်လှန်ခဲ့ကြသည့် သမိုင်းစဉ် တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများသည် တာဝန်သိသိ သစ္စာရှိရှိဖြင့် ကိုယ်ကျိုးမဖက် အသက်ကို ပဓာနမထားဘဲ တော်လှန်ခဲ့သည့် ကျေးဇူးကြောင့် သူ့ကျွန်ဘဝမှ လွတ်မြောက်ခဲ့ရပေသည်။

 

အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းအားထုတ်မှုများသည်ကား မြန်မာပြည်သူ ပြည်သားတို့အဖို့ ကမ္ဘာတည်သရွေ့ မမေ့နိုင်စရာ ဖြစ်သကဲ့သို့ ဤနေ့ဤရက်သို့ရောက်လေတိုင်း အာဇာနည်ခေါင်းဆောင်ကြီး များအား သတိရကြ၊ ဝမ်းနည်းကြ၊ ကြေကွဲမဆုံး ဖြစ်ကြရသည်။

 

သို့သော် ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများသည် ဤသို့ လွမ်းဆွတ်နေရုံ၊ ခံစားနေကြရုံ ဖြင့် မပြီးသေးပေ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ မျှော်မှန်းခဲ့သည့် လူ့ဘောင်လောကသစ်ကို တည်ဆောက်နိုင်မှသာလျှင် မြန်မာပြည်သူ ပြည်သားတို့သည် အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်အလေးပြု ရာ၊ သစ္စာစောင့်သိရာ ရောက်ပေမည်။

 

မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝ၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးတွင် အမျိုးမျိုးအဖုံဖုံ နှိပ်စက်မှု၊ ညှဉ်းပန်းမှု၊ ခေါင်းပုံ ဖြတ်မှုများကို ခါးစည်းခံခဲ့ရသည်ဟု ဆိုခဲ့ပါသည်။ ဤခါးသီးသော အတွေ့ အကြုံများကို မခံလိုသဖြင့် မြန်မာတစ်မျိုးသားလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် အမျိုးသားခေါင်းဆောင်ကြီးများ၏ ဦးဆောင်မှုဖြင့် နယ်ချဲ့နှင့်ဖက်ဆစ်တို့ကို အသက်၊ သွေး၊ ချွေး စတေးကာ နည်းလမ်းအမျိုးမျိုး ဖြင့် တော်လှန် ခဲ့သည်။ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်သွေးရင်းနှီး ပေးဆပ်ကာ ရယူပေးခဲ့သော လွတ်လပ်ပြီးကာလတွင်လည်း လူလူချင်း ခေါင်းပုံဖြတ်ခြင်း၊ မတရားသဖြင့် အနိုင်ကျင့်ခြင်းမရှိဘဲ အာဇာနည် ခေါင်းဆောင်ကြီးများ၏ လမ်းညွှန်ချက်များနှင့်ကိုက်ညီသည့် နိုင်ငံတော် ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်ရမည် ဖြစ်သည်။

 

မြန်မာနိုင်ငံသည် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ပြီး လွတ်လပ်သောနိုင်ငံတော်အဖြစ် နှစ်ပေါင်း ၇၀ ကျော် ရပ်တည်ခဲ့သော်လည်း စည်းလုံးညီညွတ်မှု အားနည်းမှု၊ အယူဝါဒနှင့် ခံယူချက် ကွဲပြားမှုများကြောင့် ခါးသီးသော အတွေ့အကြုံများကို ခံစားနေရဆဲဖြစ်သည်။ ယခုအခါ ပြည်သူ့အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကို အာဇာနည်ခေါင်းဆောင်ကြီးများ၏ လမ်းညွှန်ချက်များနှင့်အညီ ဒီမိုကရေစီ လူ့ဘောင်သစ်ကို တည်ဆောက်အကောင်အထည်ဖော်လျက်ရှိရာ အောင်မြင်မှုများ ရရှိနေပြီဖြစ်သည်။

 

ကျွန်ုပ်တို့သည် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်မိန့်ကြားခဲ့သော “တိုင်းပြည်ထူထောင်ရေးလုပ်ငန်းတွေ၊ ကာကွယ် ရေးလုပ်ငန်းတွေကို လုပ်တဲ့အခါမှာ တိုင်းသူပြည်သား လူထုနဲ့ချီပြီးတော့ လုပ်ငန်းကိုလုပ်မှ အောင်မြင်လိမ့်မယ်” ဟူသည့် မိန့်မှာချက်နှင့်အညီ ယနေ့ကာလတွင် “ပြည်သူသည်သာ အဓိက” ဟူသည့် ခံယူချက်ဖြင့် ဒီမိုကရေစီစနစ်အခြေခိုင်မာရေးကို ဝိုင်းဝန်းတည်ဆောက်ကြပြီး တိုင်းရင်း သားပြည်သူအားလုံး၏ မျှော်လင့်ချက်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက် နေပါသည်။

 

သို့ဖြစ်ရာ ကျွန်ုပ်တို့၏ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် (၇၃)နှစ်မြောက်အာဇာနည်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများအား အောက်မေ့သတိရ မမေ့နိုင်ခြင်းများနှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် တိုင်းပြည်ဖြစ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတော်အဓွန့် ရှည်ရေးနှင့် တိုင်းပြည်ငြိမ်းချမ်းသာယာဝပြောရေးအတွက် သစ္စာရှိရှိ၊ တာဝန်သိသိ ညီညီညွတ်ညွတ် ဆက်လက်ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါကြောင်း။ 

 

ကြေးမုံ