ကျောင်းကုန်း ၁၈ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက(၇၃)နှစ်မြောက် အာဇာနည်နေ့ အမှတ်တရစာအုပ်အား ယနေ့နံနက် ၁၀ နာရီ အချိန် က ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများသို့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ(၇၃)နှစ်မြောက် အာဇာနည်နေ့အမှတ်တရ စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးနေ့ ( ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ ) မှ အဖြစ်အပျက်များ၊ အာဇာနည် (၉)ဦး၏ အတ္ထုပ္ပတ္တိ သမိုင်းအကျဉ်း၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကောက်နုတ်ချက်၊ သခင်ကိုယ်တော်မှိုင်း၏ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်၏အမှာစကား၊ ဒေါ်အောင်ဆန်းစုကြည်၏ အာဇာနည်နေ့၊ ဂန္ဒီမြင်သော ဂျင်နရယ် အောင်ဆန်း (ဆုတောင်းစကား)၊ ခေါင်းဆောင်များကျဆုံးပြီး ထုတ်လွှင့်ခဲ့သည့် သခင်နု မိန့်ခွန်း၊ ဇော်ဂျီ၏ ပြောလိုက်ပါဘိ ဟောပါဘိ(ကဗျာ)၊ တင်မိုး၏ အောင်ဆန်း စသော မျိုးချစ် သူရဲကောင်းများသို့ (ကဗျာ)၊ဒဂုန်တာရာ၏ဘဝ ပုံသဏ္ဌာန်နှင့် ပထမအရွယ်(ဆောင်းပါး)စသည်တို့ ဝေဝေဆာဆာ ပါဝင်သည့်အပြင် မင်းသုဝဏ် ၏ ဗိုလ်ချုပ်အောင်ဆန်း အတိတ်နှင့်ပစ္စုပ္ပန် ကဗျာကိုလည်း စာအုပ်နောက်ကျောဖုံးမှာ ဖော်ပြထားကြောင်း သိရသည်။
လွတ်လပ်ရေး၏ ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်(၉)ဦးအား ယနေ့ခေတ်လူငယ်များ အတုယူအားကျစေရန်နှင့်ကြိုးစားချင်စိတ်ဖြစ်စေရန်၊ တိုင်းပြည်နှင့် လူမျိုးအတွက် စွန့်လွှတ်စွန့်စား လိုသော အာဇာနည်စိတ်ဓာတ် ကိန်းဝပ်စေရန် ရည်ရွယ်၍ အမှတ်တရ စာအုပ်ထုတ်ဝေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


