မန္တလေး ၁၈  ဇူလိုင်

ပြန်ကြားရေးဝန်ကြီးဌာနက အခမဲ့ထုတ်ဝေဖြန့်ချိသည့် (၇၃)နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ စာအုပ်များကို ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အောင်မြေသာစံမြို့နယ်အတွင်း၌ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်‌တွင် ကျရောက်မည့် (၇၃)နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ စာအုပ်များကို အောင်မြေသာစံမြို့နယ်အတွင်းရှိ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အခြေခံပညာကျောင်းများနှင့် အများပြည်သူများအား အာဇာနည် ပုဂ္ဂိုလ်ကြီးများ အကြောင်းကို လေ့လာဖတ်ရှုနိုင်ရန်အတွက် ဖြန့်ဝေပေးခြင်း ဖြစ်သည်။

 

အဆိုပါ စာအုပ်တွင် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ ခေါင်းစဉ်ဖြင့် အဆိုပါနေ့တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများအ‌ကြောင်း၊ အာဇာနည် ပုဂ္ဂိုလ်(၉)ဦး၏ ကိုယ်ရေး အတ္ထုပ္ပတ္တိများ အကြောင်း၊  ၁၃ ဇူလိုင်လ ၁၉၄၇ ခုနှစ်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေး၌ နောက်ဆုံး ပြောကြားသော ဖဆပလ ဥက္ကဋ္ဌ ဦးအောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်၊ သခင်ကိုယ်တော်မှိုင်း၏ အာဇာနည်ဗိမာန် လေးချိုး၊ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်၏ အမှာစကား၊ ဒေါ်အောင်ဆန်းစုကြည်၏ အာဇာနည်နေ့ (ဒီစကား ၆၈)၊ ဂန္ဒီမြင်သော ဂျင်နရယ်အောင်ဆန်း၊ အာဇာနည် ခေါင်းဆောင်များ ကျဆုံးပြီး ထုတ်လွှင့်သည့် သခင်နုမိန့်ခွန်း၊ ဇော်ဂျီ၏ ပြောလိုက်ပါဘိ ဟောပါဘိကဗျာ၊ တင်မိုး၏ အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့ ကဗျာ၊ ဒဂုန်တာရာ၏ ဘဝပုံသဏ္ဍာန်နှင့် ပထမအရွယ် စသည့် အကြောင်းအရာများ ပါဝင်ပြီး နောက်ကျောဖုံးတွင် မင်းသုဝဏ်၏ ဗိုလ်ချုပ်အောင်ဆန်း (အတိတ်နှင့်ပစ္စုပ္ပန်) ကဗျာတို့ပါဝင်ကြောင်း သိရသည်။

 ဇော်လင်းဦး(အောင်စံ)