မြင်းခြံ  ၁၉  ဇူလိုင်

 

မြင်းခြံမြို့တွင် (၇၃)နှစ်မြောက် အာဇာနည့်နေ့ အထိမ်းအမှတ် အလံတစ်ဝက်လွှင့်ထူခြင်းနှင့် အလေးပြုခြင်းအခမ်းအနားကို ဇူလိုင်လ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိ ရသည်။

 

ယနေ့နံနက် ၆ နာရီ အချိန် မြင်းခြံမြို့ ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသောင်းဝင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဝင်းတို့နှင့်အတူ (၇၃) နှစ်မြောက် အာဇာနည်နေ့ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ (၇၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အလံ တစ်ဝက်လွှင့်ထူပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းတို့ဆောင်ရွက်ခဲ့သည်။

 

ထို့နောက် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြင်းခြံခရိုင်ကျောင်းသားသမဂ္ဂအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများက (၇၃) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လွမ်းသူပန်းခွေချခြင်းများ ပြုလုပ်ခဲ့ကြသည်။ နံနက် ၁၀ နာရီ မိနစ် ၃၇ အချိန်တွင် မီးသတ်ကားများ၊ လူမှုရေးအသင်းအဖွဲ့ကားများမှ ဥဩဆွဲချိန်တွင် ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်ရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြင်းခြံခရိုင်ကျောင်းသားသမဂ္ဂအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများက မတ်တပ်ရပ် ငြိမ်သက်စွာ ဂါရဝပြုကြပြီး သွားလာလှုပ်ရှားနေကြသော ယာဉ်များမှလည်း စက်ရပ်ကာ ဂါရဝပြုခဲ့ကြသည်။

 

ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော (၇၃) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အမှတ်တရ စာအုပ်ကို ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်နှင့် လမ်းဆုံမီးပွိုင့်တွင် မြင်းခြံခရိုင် ပြန်/ဆက်ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများထံ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

 

ကျော်စွာ(မြင်းခြံ)

 

mdn