၁၈ ဇူလိုင်
(၇၃) နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုကြမည့် မိဘပြည်သူများအနေဖြင့် အောက်ပါအချက်များ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည် -
(က) လက်ကိုင်ဖုန်း အမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေပန်းစည်း/ ပန်းခြင်း အမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ ဘူး အမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့် ကော်ပိုက်/သံပိုက်များ ယူဆောင်၍ အာဇာနည်ဗိမာန်အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။
(ခ) အာဇာနည်ဗိမာန်သို့ ဝင်ရောက်ရာလမ်းဖြစ်သော လင့်လမ်းနှင့် အနောက်ရွှေဂုံတိုင် လမ်းဆုံတို့တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း ပြုလုပ်သွားမည်ဖြစ်ပြီး ရောဂါဖြစ်ပွားသူတွေ့ရှိပါက Contact Person ဆက်စပ်စုံစမ်းနိုင်ရေးအတွက် အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်များ ပြည့်စုံမှန်ကန်စွာ စာရင်းပေးရမည်ဖြစ်ပါသည်။
(ဂ) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ COVID-19 ရောဂါကာကွယ်ရေးအတွက် Social Distancing အရ သတ်မှတ်ထားသော (၆)ပေ အကွာအဝေးအတိုင်း အာဇာနည်ဗိမာန်အတွင်းသို့ တန်းစီဝင်ရောက်ရမည်ဖြစ်ပြီး အာဇာနည်ဗိမာန်ရင်ပြင်တွင်လည်း တစ်ကြိမ်လျှင် (၁၂)ဦးခန့်သာ ဂါရဝပြုခွင့်ပေးမည် ဖြစ်ပါသည်။
(ဃ) အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါရဝပြုမှုပြီးဆုံးပါက သတ်မှတ်ပေးထားသော လမ်းကြောင်းအတိုင်း အာဇာနည်ဗိမာန်ဝင်းအတွင်းမှ ပြန်လည်ထွက်ခွာရမည်ဖြစ်ပြီး သွားလာခွင့်မပြုထားသည့် နေရာများအား သွားရောက်ခွင့်ပြုမည် မဟုတ်ပါ။
(င) အာဇာနည်ဗိမာန်ဝင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီးပါက အာဇာနည်လမ်းအတိုင်း ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်နှင့် ရွှေတိဂုံဘုရားတောင်ဘက်မုခ်ဘက်သို့ ပြန်လည်ထွက်ခွာရမည်ဖြစ်ပါသည်။
(စ) အများပြည်သူလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့များမှ စစ်ဆေးခြင်းကို ကြည်ဖြူစွာ ခံယူပြီး မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးပရဟိတအဖွဲ့များ၏ လမ်းညွှန်မှုအတိုင်း လိုက်နာဆောင်ရွက်ရန်ဖြစ်ပါသည်။
(၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး စည်းကမ်းထိန်းသိမ်းရေးကော်မတီ


