မန္တလေး၊ ၂၉ ဒီဇင်ဘာ
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို မန္တလေးမြို့ ဗထူးအားကစားကွင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၈ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က နိုင်ငံတော် အခမ်းအနားဖြစ်သည့်အတွက် မဖြစ်မနေကျင်းပရမည်ဖြစ်ကြောင်း၊ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုသည့် အခမ်းအနားကို ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ ကျင်းပသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးတို့က အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှု အပေါ်လိုအပ်ချက်များ ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သိရသည်။
ထို့အတူ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေးကော်မတီဝင်၊ မန္တလေးတိုင်း ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းသည် ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီက အခမ်းအနားကျင်းပမည့် ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်က အခမ်းအနားပြင်ဆင်ထားမှုနှင့် လုံခြုံရေးအစီအမံများအား ရှင်းလင်းတင်ပြပြီး (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ဂုဏ်ပြု တပ်ဖွဲ့၏ လေ့ကျင့်မှုများကို ကြည့်ရှုစစ်ဆေးသည်။
မောင်ပြည်သူ(မန္တလေး)


