ရန်ကုန် ၃၀ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် လက်ရှိအသုံးပြုလျက်ရှိသော ရထားလမ်းခုံးကျော်တံတားအမှတ်(၂) အင်းစိန်နှင့် ဆက်သွယ်ကာ မြန်မာ့မီးရထား (မြို့ပြ) အင်ဂျင်နီယာဌာန တံတားပေါင်အလုပ်ရုံ(မလွှကုန်း)မှ အနီးကပ်ကြီးကြပ်ကာ တာ၀န်ယူ ဆောင်ရွက်နေသော ရထားလမ်းခုံးကျော်တံတားသစ် (မင်းကြီးလမ်းဘက်ခြမ်း) တည်ဆောက်ရေးစီမံကိန်းသည် လက်ရှိတွင် အချောသပ်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တံတားတည်ဆောက်ရေး စီမံကိန်းတာ၀န်ခံရုံးမှ သိရသည်။
“ကျွန်တော်တို့ ဒီခုံးကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်းတွေက အခုအခြေအနေမှာ အလုံးစုံပြီးစီးနေပါပြီ၊ ကျန်တဲ့ တံတားရဲ့အချောသပ်လုပ်ငန်းနဲ့ ဆပ်စပ်တဲ့ အဆင်းလမ်းတွေက အခုလုပ်နေတယ်၊ ကတ္တရာလဲလောင်း ကွန်ကရစ်လဲခင်းပြီးပါပြီ၊ လာမဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက် နေ့ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ဒီတံတားကို ဖွင့်လှစ်သွားပါမယ်၊ တံတားကြီးပြီးစီးသွားရင်တော့ မော်တော်ယာဉ်တွေက အင်းစိန်ဈေးကနေ မင်းကြီးလမ်းဘက်အခြမ်းမှာရှိတဲ့ ဆေးရုံတို့ အုပ်ချုပ်ရေးမှူးရုံးတို့ အင်းစိန်(GTI)ကျောင်းတို့ကို တောက်လျောက် တံတားလက်တက်ခုံးကျော်ကနေ သွားနိုင်တော့မှာပါ၊ အခုကတော့ အဲဒီဘက်တွေကို ပတ်သွားနေရတာပေါ့” ဟု မြန်မာ့မီးရထား(မြို့ပြ) အင်ဂျင်နီယာဌာန တံတားပေါင်အလုပ်ရုံ(မလွှကုန်း) အင်ဂျင်နီယာမှူး ဦးမောင်ချိုက ပြောသည်။
ထိုတံတားတည် ဆောက်ရေးအပိုင်းတွင် တင်ဒါအောင်မြင်သော A1 ဆောက်လုပ်ရေးကုမ္ပဏီမှ တာ၀န်ယူဆောင်ရွက်နေပြီး တံတားတိုင်လေးတိုင်း တည်ဆောက်ခြင်း၊ တံတားသံပေါင်များတင်ခြင်း၊ PC Girder များတင်ခြင်းလုပ်ငန်း ပြီးစီးနေပြီဖြစ်သည်။ P28၊ P29၊ AB (ချဉ်းကပ်)တိုင်းများကို ကွန်ကရစ်တံတားပေါင်များ တပ်ဆင်ခြင်းလုပ်ငန်းများ P26(A)၊ P26(B)၊ P27၊ P28 တံတားတိုင်များကို Streel Box Girders များဖြင့် ဆက်သွယ်တပ်ဆင်ခြင်းလုပ်ငန်းများ ပြီးစီးနေပြီဖြစ်သည်။ ထိုမှတစ်ဆင့် ကွန်ကရစ် Slab လောင်းခြင်း/ ကားလမ်းပြုလုပ်ခြင်း/ လူသွားလမ်းပလက်ဖောင်းနှင့် Hand Rail များတပ်ဆင်ခြင်း/ဆေးသုတ်ခြင်းနှင့် အချောသပ်လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ လက်ရှိတွင် ဆောင်ရွက်လျက်ရှိရာ ပြီးစီးလုနီးပါး ရှိနေပြီဖြစ်သည်။ တံတားဖွင့်ပွဲကျင်းပမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ မတိုင်မီ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
ထိုတံတားလက်တက်သည် ယခင် အင်းစိန်မီးရထားခုံးကျော်တံတားကြီးအား ဆက်သွယ်ကာ ခုံးကျော်တံတားအဖြစ် ဗဟိုလမ်းကိုဖြတ်သန်းပြီး မင်းကြီးလမ်းအတိုင်း တံတားတိုင် P26(A)၊ P26(B)၊ P27၊ P28၊ P29၊ AB (ချဉ်းကပ်) တစ်ခုတို့ဖြင့် ဆက်စပ်ဖွဲ့စည်း တည်ဆောက်ခြင်းဖြစ်သည်။ စီမံကိန်းသည်အောက်ခံ Bord Pile Foundation ဖြစ်ကာ RC Girder နှင့် Steel Girder ပေါင်းပြီး ကွန်ကရစ်ကြမ်းခင်းတံတားဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားသည် အရှည် ၄၄၁ ပေနှင့် ချဉ်းကပ်တံတားအရှည်သည် ၁၂၃ ပေရှိသည်၊ အကျယ်သည် ဘေးတစ်ဖက်တစ်ချက် လူသွားလမ်းပလက်ဖောင်းပါ၀င်ကာ ကားအဆင်းတစ်လမ်းသွား အကျယ် ၁၆ ပေ ရှိပြီး တံတားအမြင့်သည် ကားလမ်းအလွတ် အမြင့်ဆုံးနေရာ၌ ၁၈ ပေမြင့်သည်၊ စီမံကိန်းကို ကျပ်သန်းပေါင်း ၁၉၁၀ သန်း အကုန်ကျခံ တည်ဆောက်ခြင်းဖြစ်ကြောင်း ထိုတံတားတည်ဆောက်ရေးစီမံကိန်း တာ၀န်ခံရုံးမှ သိရသည်။
ထိုအင်းစိန်ခုံးကျော်တံတား မင်းကြီးလမ်းဘက်ခြမ်း လက်တက်တံတားကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန၊ မြန်မာ့မီးရထား(မြို့ပြ) အင်ဂျင်နီယာဌာန တံတားပေါင်အလုပ်ရုံ(မလွှကုန်း)၏ ဘက်ဂျက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး တင်ဒါအောင်မြင်သော A1 ဆောက်လုပ်ရေးကုမ္ပဏီမှ တည်ဆောက်နေခြင်းဖြစ်သည်။ Stell Box Girders များကို JNM ကုမ္ပဏီမှ ထုတ်လုပ်ဆောင်ရွက်ကြောင်း ထိုတံတားတည်ဆောက်ရေး စီမံကိန်းတာ၀န်ခံရုံးမှ သိရသည်။
သတင်း- မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ- မြန်မာ့မီးရထား


