ပင်းတယ ၉ ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း) စက်ဘီးစီးနင်းသူများအဖွဲ့နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့မှ စက်ဘီးစီးနင်းသူများအဖွဲ့တို့ ပူးပေါင်း၍ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဒုတိယအကြိမ် စုပေါင်းစက်ဘီးစီးနင်းပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ဘီးစီးနင်းသူများအဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီတွင် ညောင်ရွှေမြို့မှ စတင်၍ တောင်ကြီး- ဟဲဟိုး- ပင်းတယလမ်းမအတိုင်း စက်ဘီးစီးနင်းကာ  ပင်းတယမြို့သို့ လာရောက်ကြမည်ဖြစ်ပြီး မြို့အဝင်ဆိုင်းဘုတ်မှနေ၍ ဒေသဉီးစီးအဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့က ကြိုဆို၍ အတူတကွ စီးနင်းကြမည်ဖြစ်သည်။

ဆက်လက်၍ ပင်းတယမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုအား အလေးပြုခြင်း၊ ပုန်းတလုတ်ရေကန်တစ်ပတ် စက်ဘီးစီးနင်းခြင်းနှင့် ရေကန်အနီး ညောင်ပင်အောက် နားနေရန်နေရာတွင် ရပ်နားကာ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စက်ဘီးစီးနင်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

စက်ဘီးစီးနင်းအဖွဲ့တွင် ညောင်ရွှေအပျော်တမ်း စက်ဘီးစီးနင်းသူများအဖွဲ့၊ ပင်းတယ စက်ဘီးစီးနင်းသူများအဖွဲ့၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း အပါအဝင် စက်ဘီးစီးနင်းသူ စုစုပေါင်းအင်အား ၁၀၀ ကျော် ပါဝင်စီးနင်းကြမည်ဖြစ်ကြောင်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)