ကျောင်းကုန်း ၁၂ ဖေဖေါ်ဝါရီ
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကျောင်းကုန်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ကျောင်းသားကျောင်းသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ဖတ်ကြားခဲ့သည်။
ထို့နောက် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလယ်တန်းဆင့်၊ အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသားကျောင်းသူလေးများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့မိမြို့ဖများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ဆုရကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)